Apple ရဲ့ 5G iPhone တွေမှာ ပထမဆုံး 5-nanometer ချစ်ပ်တွေ အသုံးပြုဖွယ်ရှိ

လာမယ့်နှစ်မှာ ထွက်ရှိမယ့် Apple ဖုန်း ၃ မျိုးမှာ Qualcomm ရဲ့ X55 5GB modem နဲ့ 5G ချိတ်ဆက်မှု ပါဝင်လာမယ်လို့ Nikkei ဖော်ပြခဲ့ပါတယ်။ အဲဒီ modem ကို A14 Bionic အမည်ရ Apple chipset သစ်နဲ့တွဲဖက်ဖွယ်ရှိပြီး 5-nanometer လုပ်ငန်းစဉ်နဲ့ ဖန်တီးတည်ဆောက်ထားဖွယ်ရှိပါတယ်။ ဒါကြောင့် ချစ်ပ်တွေကို သေးငယ်တဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်နဲ့ ဆောင်ရွက်နိုင်ပြီး စွမ်းဆောင်ရည်  ပိုမိုကောင်းမွန်သလို အရွယ်အစားလည်း သေးငယ်ပါတယ်။

Apple ဟာ ၂၀၂၀ခုနှစ်အတွင်း ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းတွေ ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ ကောလာဟလထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပါတယ်။ Apple လေ့လာဆန်းစစ်သူ မင်ချီကူက အလားတူ ခန့်မှန်းမှုကို ဇူလိုင်လအတွင်း ပြုလုပ်ခဲ့ပါသေးတယ်။ ဧပြီလအတွင်း Apple နဲ့ Qualcomm တို့ဟာ ကုမ္ပဏီနှစ်ခု အကြားက တရားရင်ဆိုင်အငြင်းပွားမှုကို ကျေအေးခဲ့ပြီးနောက် Qualcomm modem ကို Apple အသုံးပြုဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းက အခုမှ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Apple အနေနဲ့ ကိုယ်ပိုင် modem ထုတ်လုပ်ဖို့ လုပ်ကိုင်နေပြီး ဇူလိုင်က Intel ရဲ့ စမတ်ဖုန်း modem လုပ်ငန်းကို ဝယ်ယူခဲ့ပါတယ်။

Apple ဟာလာမယ့်နှစ် ချစ်ပ်တွေအတွက် 5nm လုပ်ငန်းစဉ်ကို ပြောင်းလဲအသုံးပြုဖို့ စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်တာ ကြာပြီ ဖြစ်ပါတယ်။ Huawei ကလည်း လာမယ့်နှစ်အတွင်းမှာ ကိုယ်ပိုင် 5nm ချစ်ပ်ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။

-စိုးထက်
Ref: TheVerge