Apple ရဲ့ ‘One More Thing’ ပွဲမှာ ဘာတွေ မိတ်ဆက်နိုင်မလဲ

Apple ဟာ ဒီနေ့ည ၁၂ နာရီမှာ ပြုလုပ်မယ့် “One More Thing” ပွဲမှာ Arm အခြေခံ ဆီလီကွန်ချစ်ပ်တွေ ပါဝင်တဲ့ ကုမ္ပဏီအတွက် ပထမဆုံး ကွန်ပျူတာတွေကို မိတ်ဆက်ပါမယ်။ အခု ချစ်ပ်အသစ်တွေက ပါဝါသုံးစွဲမှုနည်းပါးပြီး စွမ်းဆောင်ရည်တိုးတက်လာမယ်လို့ Apple ကပြောထားပါတယ်။ ကွန်ပျူတာအသစ်မှာ Apple ရဲ့ Arm တည်ဆောက်မှု A စီးရီးမိုဘိုင်းနဲ့ 64-bit tablet ချစ်ပ်တွေကြောင့် iOS app ထောက်ပံ့မှု ပါဝင်လာနိုင်ပါတယ်။

Apple ဆီလီကွန်အခြေခံ ကွန်ပျူတာ မိတ်ဆက်မှုက အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ ဇွန်လအတွင်း WWD မှာ ဒီနှစ်ပိုင်းအရောက် Apple ဒီဇိုင်းထုတ်ထားတဲ့ CPU နဲ့ ပထမဆုံး Mac ထွက်လာမယ်လို့ Apple က ပြောထားပါတယ်။ အခုပွဲအမည်က စတိဗ်ဂျော့ရဲ့ နာမည်ကျော် စကားစုကနေ ယူထားပါတယ်။

“One More Thing” ပွဲမှာ အခြားထုတ်ကုန်ကိုလည်း Apple မိတ်ဆက်ပါမယ်။ ကုမ္ပဏီရဲ့ စက်တင်ဘာနဲ့ အောက်တိုဘာပွဲတွေမှာ ထုတ်ကုန်တစ်မျိုးတည်းကို ဦးတည်မိတ်ဆက်ခဲ့တာ မဟုတ်ပါဘူး။ စက်တင်ဘာပွဲမှာ Apple Watch နဲ့ iPad တို့ကို မိတ်ဆက်ထားသလို အောက်တိုဘာပွဲမှာ iPhone နဲ့ HomePod mini ကို မိတ်ဆက်ထားပါတယ်။ ကောလာဟလအရ Apple ဟာ အခြားထုတ်ကုန်များစွာကို မိတ်ဆက်ဖွယ်ရှိပါတယ်။

Apple ဆီလီကွန်အသုံးပြုထားတဲ့ Laptop များ

Apple ဟာ နှစ်ကုန်ပိုင်းမှာ ဆီလီကွန်ထောက်ပံ့ထားတဲ့ Mac ကွန်ပျူတာတွေကို မိတ်ဆက်မယ်လို့ အတိအလင်း ကြေညာထားပါတယ်။ Apple အနေနဲ့ laptop များစွာကို မိတ်ဆက်နိုင်တယ်လို့ Bloomberg ကဖော်ပြခဲ့တယ်။

Apple ဟာ ၁၃ လက်မ MacBook Air, ၁၃ လက်မ MacBook Pro နဲ့ ၁၆ လက်မ MacBook Pro နဲ့ ၁၃ လက်မ Laptop နှစ်မျိုးကို ထုတ်ဖော်ပြသနိုင်ပါတယ်။ Apple laptop တွေဟာ အတွင်းပိုင်းတည်ဆောက်မှု အပြင် ဒီဇိုင်းပိုင်းလည်း ပြောင်းလဲထားတယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။

Laptop အသစ်တွေမှာ ပါဝင်မယ့်ချစ်ပ်တွေက iPhone 12 နဲ့ iPad Air က A 14 ချစ်ပ်ကို အခြေခံထားပါမယ်။ ဒါ့အပြင် developer တွေ ချစ်ပ်အသစ်နဲ့ app တည်ဆောက်နိုင်ဖို့ A12Z ထောက်ပံ့ထားတဲ့ Mac mini Developer Transition Kit ကိုလည်း Apple ထုတ်လုပ်ဖွယ်ရှိပါတယ်။ A12Z ချစ်ပ်ဟာ A12 အမျိုးအစားဖြစ်ပြီး 8-core GPU ပါဝင်ကာ မတ်လမှာ ထွက်ခဲ့တဲ့ iPad Pro တွေမှာ ထောက်ပံ့ထားပါတယ်။ Apple ဟာ မိတ်ဆက်မယ့် laptop တွေမှာ A14 အခြေခံ ချစ်ပ်တွေ မိတ်ဆက်ဖွယ်ရှိပါတယ်။

Apple ဟာ ဆီလီကွန်ချစ်ပ် ထောက်ပံ့ထားတဲ့ desktop Mac ကိုတော့ မိတ်ဆက်ဖွယ်မရှိဘူးလို့ Bloomberg က ဖော်ပြခဲ့ပါတယ်။

macOS Big Sur

Mac ပွဲတွေရဲ့ ထုံးစံအတိုင်းပဲ Apple ဟာ macOS Big Sur ထွက်မယ့်ရက်ကို မိတ်ဆက်နိုင်ပါတယ်။ Big Sur မှာတော့ macOS အတွက် ရုပ်ထွက်ပိုင်းဆိုင်ရာ ပြောင်းလဲထားပါတယ်။ Apple app တွေအတွက် iOS စတိုင် icon အပြင် အရောင်ကြည်လဲ့တဲ့ menu bar လည်းပါဝင်လာပါတယ်။ Wi-Fi, display brightness နဲ့ အသံခလုတ်လိုမျိုး settings ပါဝင်တဲ့ control center လည်းပါဝင်လာပါတယ်။ Big Sur မှာ အသံစနစ်ပါဝင်ပြီး Mac ရဲ့ နာမည်ကျော် startup အသံလည်း ပြန်လည် ပါဝင်မယ်လို့ သိရပါတယ်။

Mac app များစွာကိုလည်း update ပြုလုပ်ဖွယ်ရှိပါတယ်။ Big Sur အတွင်းက Safari မှာတော့ start screen, tab previews နဲ့ browser ကပိတ်ထားတဲ့ tacker တွေကို သိနိုင်တဲ့ privacy report လုပ်ဆောင်ချက်လည်း ပါဝင်လာနိုင်ပါတယ်။ Messages မှာတော့ iOS 14 က message effect တွေအပြင် reply နဲ့ပြောစကားတွေကို pin လုပ်မယ့် လုပ်ဆောင်ချက်တွေ ပါဝင်လာနိုင်ပါတယ်။

Mac မဟုတ်တဲ့ ထုတ်ကုန်တွေလည်း မိတ်ဆက်နိုင်

ဒီနေ့ည ၁၂ နာရီခွဲ ပြုလုပ်မယ့် ပွဲမှာ Mac ထုတ်ကုန်တွေအပြင် Mac မဟုတ်တဲ့ ထုတ်ကုန်တွေလည်း မိတ်ဆက်နိုင်ပါတယ်။

Apple ဟာ ကာလရှည်ကြာ ကောလာဟလ ထွက်နေတဲ့ တန်ဖိုးကြီး နားကြပ်ကိုလည်း မိတ်ဆက်နိုင်ပါတယ်။ နားကြပ်မှာ လဲလှယ်တပ်ဆင်နိုင်တဲ့ ear pad တွေနဲ့ headband တွေအပြင် noise cancellatiion, Siri control နဲ့ touch control တွေလည်းပါဝင်လာနိုင်ပါတယ်။

ဒါ့အပြင် Apple ဟာ ပရိုဆက်ဆာအသစ် ပါဝင်တဲ့ Apple TV အသစ်ကိုလည်း လုပ်ကိုင်နေတယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««