Apple ရဲ့ စက်တင်ဘာပွဲမှာ ဘယ်လိုထုတ်ကုန်တွေ ပြသနိုင်လဲ

Apple ဟာ ဒီနှစ်အတွက် စက်တင်ဘာ အထူးပွဲကို ၁၅ ရက်မှာ ပြုလုပ်သွားမယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီပွဲမှာ Apple ဟာ Apple Watch နဲ့ iPad ထုတ်ကုန်တွေကို မိတ်ဆက်ဖွယ်ရှိပါတယ်။ Bloomberg ရဲ့ ဖော်ပြချက်အရ အောက်တိုဘာမှပဲ iPhone 12 ကိုမိတ်ဆက်ဖွယ်ရှိပါတယ်။

Apple အနေနဲ့ COVID-19 ကပ်ရောဂါကြောင့် ပွဲကို virtual နဲ့ပဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ Apple စက်တင်ဘာ အထူးပွဲ တိုက်ရိုထုတ်လွှင့်ပြသမှုကို ၁၅ ရက်နေ့ကျရင် https://www.apple.com/apple-events/ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ ပွဲအတွင်း ဘယ်လိုထုတ်ကုန်တွေ မိတ်ဆက်နိုင်လဲ ဆိုတာ အောက်မှာ ဖော်ပြပေးပါမယ်။

iPad Air 4

Apple ဟာ iPad Air မော်ဒယ်သစ်မှာ နောက်ဆုံးပေါ် display အသုံးပြုထားတယ်လို့ သတင်းထွက်နေပါတယ်။ iPad Air အသစ်မှာ Touch ID လုပ်ဆောင်ချက်က ပါဝါခလုတ်ထဲ ပါဝင်လာနိုင်ပါတယ်။ USB-C ချိတ်ဆက်မှုလည်း ပါဝင်လာနိုင်ပါတယ်။

Apple Watch Series 6

Apple ဟာ အခုပွဲမှာ Apple Watch Series 6 ကိုမိတ်ဆက်နိုင်ပါတယ်။ ကောလာဟလတွေအရ Apple Watch Series 6 ဟာ iPhone 12 ထက် ပေါ့ပါးတယ်လို့ သိရပါတယ်။ Apple Watch Series 6 မှာ အောက်ဆီဂျင်ခြေရာခံမှု စနစ်ကို iOS 14 code ထဲမှာ တွေ့ရတယ်လို့ 9to5Mac ကဖော်ပြခဲ့ပါတယ်။ Apple Watch မှာ ကျန်းမာရေးစောင့်ကြည့်မှု လုပ်ဆောင်ချက်တွေ ပိုမို တွေ့ရဖွယ်ရှိပါတယ်။

ဒါ့အပြင် Apple Watch Series 6 အတွက် နှလုံးခုန်နှုန်းတိုင်းတာမှု စနစ်ကို တိုးတက်အောင် ဖန်တီးနေပါတယ်။ Apple Watch Series 4 နဲ့ 5 ထုတ်ကုန်တွေမှာ တစ်မိနစ်မှာ နှလုံးခုန်နှုန်း ၁၀၀ နဲ့ ၂၀၀ အကြား နှလုံးခုန်နှုန်း ECG ဖော်ပြမှုတွေက မတိမကျ ဖြစ်နေပါတယ်။ အနာဂတ်မှာတော့ ပိုမိုတိကျတဲ့ ECG app ကိုမြင်တွေ့ရနိုင်ပါတယ်။

iPhone 12

Apple ဟာ အောက်တိုဘာလမှာ ပြုလုပ်မယ့် ပွဲမှာပဲ iPhone 12 မော်ဒယ်တွေကို မိတ်ဆက်ဖွယ်ရှိပါတယ်။ Apple အနေနဲ့ ၅.၄ လက်မ iPhone 12, ၆.၁ လက် iPhone 12 Max, ၆.၁လက်မ iPhone 12 Pro နဲ့ ၆.၇ လက်မ iPhone 12 Pro Max တို့ကို ထုတ်လုပ်ဖွယ်ရှိပါတယ်။ iPhone 12 မော်ဒယ်တစ်ခုနဲ့ တစ်ခုအကြား ကွာခြားတာက ကင်မရာနည်းပညာပဲ ဖြစ်ပါတယ်။

၅.၄ လက်မ iPhone 12 နဲ့ ၆.၁လက်မ iPhone 12 Max မှာ ကျောဘက် ကင်မရာ ၂ လုံးပါဝင်နိုင်တယ်။ iPhone 12 Pro နဲ့ iPhone 12 Pro Max မှာတော့ ကျောဘက်ကင်မရာ ၃ လုံးနဲ့ LiDAR Scanner တစ်ခုလည်း ပါဝင်ဖွယ်ရှိတယ်။

iPhone 12 မှာပါဝင်နိုင်တဲ့ လုပ်ဆောင်ချက်တွေကတော့ 5G ချိတ်ဆက်မှု OLED display တို့ပဲ ဖြစ်ပါတယ်။

-စိုးထက်
Ref: 9to5Mac

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««