Apple ပွဲမှာ မိတ်ဆက်ခဲ့တဲ့ ထုတ်ကုန်များ

Apple ဟာ စက်တင်ဘာ ၁၅ ရက်မှာ ပြုလုပ်ခဲ့တဲ့ virtual ပွဲမှာ ထုတ်ကုန်သစ်တွေများစွာ မိတ်ဆက်ခဲ့ပါတယ်။ Apple စီအီးအို တင်မ်ကွတ်ခ်က Apple Watch နဲ့ iPad အသစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ ပွဲမှာ Apple Watch Series 6, Apple Watch SE, A14 Bionic chip ပါဝင်တဲ့ iPad Air ဒီဇိုင်းသစ်နဲ့ မျိုးဆက် ၈ ခုမြောက် iPad ကိုလည်း ပြသခဲ့ပါတယ်။

ဒါ့အပြင် ကောလာဟလ ထွက်နေတဲ့ Apple One bundle ဝန်ဆောင်မှုကိုလည်း မိတ်ဆက်လိုက်ပါတယ်။ Apple Arcade, Apple TV Plus, iCloud, Apple Music နဲ့ အခြားဝန်ဆောင်မှု အပြင် Fitness Plus အသစ်လည်း ပါဝင်တဲ့ Apple One ကတော့ တစ်လ ၁၄.၉၅ ဒေါ်လာ ကျသင့်ပါမယ်။

Apple က လာမယ့်အပတ်အတွင်း iPhone အသစ်ကို မိတ်ဆက်မယ်လို့ အတည်ပြုခဲ့ပါတယ်။ iPhone 12 ကို အောက်တိုဘာ ၁၃ ဒါမှမဟုတ် ၁၄ ရက်မှာ မိတ်ဆက်နိုင်ပါတယ်။ Apple ရဲ့ operating system အသစ်တွေ ဖြစ်တဲ့ iPadOS 14, iOS 14, WatchOS 7 နဲ့ TVOS 14 ကတော့ စတင်ဖြန့်ချိနေပြီ ဖြစ်ပါတယ်။

Apple iPad (မျိုးဆက် ၈ ခုမြောက်) နဲ့ iPad Air

iPad အသစ်ကို မမိတ်ဆက်တာ ၁၀ နှစ် ကြာမြင့်ခဲ့ပါပြီ။ အခု မိတ်ဆက်လိုက်တဲ့ iPad မှာတော့ A12 Bionic ပရိုဆက်ဆာကို အသုံးပြုထားပြီး ၃၂၉ ဒေါ်လာနဲ့ စတင် ရောင်းချပါမယ်။ ကြိုတင်မှာယူနိုင်ပြီး သောကြာနေ့မှာ တင်ပို့ရောင်းချသွားပါမယ်။

iPad Air အသစ်ကိုလည်း မိတ်ဆက်ခဲ့ပြီး အရောင်က သက်တံအတိုင်း ပုံဖော်ထားပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ ၁၀.၉ လက်မ Liquid Retina display နဲ့ ပါဝါခလုတ်မှာလည်း Touch ID ကို အသုံးပြုထားပါတယ်။

iPad မှာတော့ 5-nanometer A14 Bionic ချစ်ပ်ပါဝင်ပြီး core ၆ ခုနဲ့ GPU core ၄ ခု ပါဝင်လာပါတယ်။ အောက်တိုဘာလမှာတော့ ၅၉၉ ဒေါ်လာနဲ့ စတင်ရောင်းချပါမယ်။

Apple Watch Series 6 နဲ့ Watch SE

Apple ဟာ WWDC မှာကြေညာခဲ့တဲ့ WatchOS 7 ကို အသေးစိတ် မိတ်ဆက်သွားပါတယ်။ Apple Watch Series 6 ထုတ်ကုန်သစ်မှာလည်း အရောင်နဲ့ finish အသစ်တွေ ပါဝင်လာပါတယ်။ ဒါ့အပြင် always-on display နဲ့ သွေးအောက်ဆီဂျင် ဒါမှမဟုတ် Sp02 အပါအဝင် ကျန်းမာရေးလုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။ Watch Series 6 မှာတော့ A13 အခြေခံ ပရိုဆက်ဆာအသစ်ပါဝင်လာပါတယ်။ လက်ပတ်ကြိုးကလည်း ဒီဇိုင်းအသစ် ဖြစ်ပါတယ်။ Watch Series 6 ကိုတော့ ဒေါ်လာ ၃၉၉ နဲ့ စတင်ရောင်းချပြီး သောကြာနေ့မှာ တင်ပို့ရောင်းချပါမယ်။ Apple က Family Setup ဆိုတဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းထားပါတယ်။

Apple Watch SE ကတော့ မျက်နှာပြင် ပိုမိုကြီးမားပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၂၇၉ ပဲရှိပါတယ်။ ဒါ့အပြင် Apple Watch မှာအသုံးပြုနို်ငတဲ့ Fitness Plus ကတော့ လစဉ်ကြေးပေးသွင်း အသုံးပြုရတဲ့ ဝန်ဆောင်မှုဖြစ်ပြီး တစ်လ ၉.၉၉ ဒေါ်လာ ကျသင့်ပါမယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««