Apple နဲ့ Disney ပြိုင်ဆိုင်မှုကြောင့် လုပ်ငန်းကို အထောက်အကူဖြစ်ဟု Netflix ပြောကြား

ရုပ်ရှင်နဲ့ တီဗီစီးရီး streaming ဝန်ဆောင်မှု Netflix ဟာ၂၀၁၉ ခုနှစ် တတိယ သုံးလပတ်အတွက် ဝင်ငွေစာရင်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။

Netflix ဟာ အခုသုံးလပတ်မှာ လစဉ်ကြေးပေးသွင်းကြည့်ရှုသူ ၆.၈ သန်း ထပ်မံရရှိခဲ့ပြီး ဝင်ငွေ ၅.၂ ဘီလျံ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် တတိယသုံးလပတ်မှာတော့ လစဉ်ကြေးပေးသွင်းကြည့်ရှုသူ ၆ သန်းနဲ့ ဝင်ငွေ ၄ ဘီလျံ ရှိပါတယ်။ Netflix ကိုကမ္ဘာတစ်ဝန်းမှာ လစဉ်ကြေးပေးသွင်းကြည့်ရှုသူ ၁၅၈ သန်း ရှိပါတယ်။ Netflix ကို လစဉ်ကြေးပေးသွင်းကြည့်ရှုသူ တိုးတက်လာပေမယ့် မျှော်မှန်းတာထက် နည်းပါးတယ်လို့ သိရပါတယ်။

Netflix အတွက် အကြီးမားဆုံး အပြောင်းအလဲကတော့ နိုဝင်ဘာ ၁ ရက်မှာ စတင်တော့မယ့် Apple TV+ နဲ့ နိုဝင်ဘာ ၁၂ ရက်မှာ စတင်တော့မယ့် Disney+ တို့ရဲ့ယှဉ်ပြိုင်မှုပဲဖြစ်ပါတယ်။ Netflix အနေနဲ့ Hulu နဲ့တီဗီတို့နဲ့ ယှဉ်ပြိုင်နေခဲ့တာ ကြာမြင့်ပြီ ဖြစ်ပြီး ဝန်ဆောင်မှုအသစ်တွေကြောင့် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။

Disney+, Apple TV+, HBO Max နဲ့ Peacock တို့လိုမျိုး ဝန်ဆောင်မှုသစ်တွေကြောင့် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်နိုင်ပါတယ်။ ဒါပေမဲ့ Netflix အပါအဝင် ဝန်ဆောင်မှုသစ်တွေက တီဗီနဲ့နှိုင်းယှဉ်ရင် သေးငယ်ပါတယ်။ ပြိုင်ဘက်အသစ်တွေမှာလည်း ရုပ်ရှင်ကားကောင်းတွေရှိပေမယ့် ကမ္ဘာတစ်ဝန်းထုတ်လုပ်နေတဲ့ content တွေလောက် မစုံလင်ပါဘူး။ ဗီဒီယိုဝန်ဆောင်မှုတွေမှာ တစ်ခုနဲ့ မတူညီတဲ့ သီးသန့်အရာတွေရှိပါတယ်။ ဒါကြောင့် ဝန်ဆောင်မှုသစ်တွေက တီဗီကနေ on demand ဖျော်ဖြေရေးစားသုံးမှု အကူးအပြောင်းကို အရှိန်မြှင့်တင်ပေးနိုင်ပါတယ်” လို့ Netflix ကထုတ်ပြန်ခဲ့ပါတယ်။

သုံးစွဲသူတွေအနေနဲ့ ကွာခြားတဲ့ ကဏ္ဍတွေအမျိုးမျိုးအတွက် streaming ဝန်ဆောင်မှုအမျိုးမျိုးကို လစဉ်ကြေးပေးသွင်းအသုံးပြုမယ်လို့ Netflix ကခန့်မှန်းခဲ့ပါတယ်။ လူတွေက တီဗီကို အခကြေးငွေ ပေးသွင်းမကြည့်တဲ့အခါမှာ straming တီဗီတွေကို ပိုမိုကြည့်ရှုလာကြမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: 9to5Mac