Apple စာမျက်နှာက အပြာရောင် အမှတ်အသားကို Facebook ဖယ်ရှား

Facebook ဟာ Apple လူမှုကွန်ရက်စာမျက်နှာက အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုထားတဲ့ အပြာရောင် အမှတ်ကို ဖယ်ရှားလိုက်ပါတယ်။

Facebook ဟာ Apple နဲ့ တစ်ကိုယ်ရေအချက်အလက် အသုံးချပုံနဲ့ ပတ်သက်ပြီး ရန်စောင်နေချိန်မှာ အခုကိစ္စ ဖြစ်ပျက်သွားတာပါ။ မီဒီယာအကြံပေး ဖြစ်တဲ့ မတ်နာဗာရာဆိုသူက Facebook ပေါ်က Apple စာမျက်နှာပေါ်က အပြာရောင်အမှတ်အသား အင်္ဂါနေ့မနက်က ပျောက်သွားတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်က မာ့ခ်ဇူကာဘတ်ပိုင် Facebook က Apple ရဲ့အသစ်ထွက်ရှိမယ့် တစ်ကိုယ်ရေလုံခြုံရေး အပြောင်းအလဲနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ပါတယ်။
Facebook ပေါ်မှာ အမှတ်တံဆိပ်ကြီးတွေနဲ့ အဖွဲ့အစည်းတွေ စစ်မှန်မှုကို သင်္ကေတပြုတဲ့ အနေနဲ့ platform ပေါ်မှာ အပြောရောင်အမှတ်အသား ပြုလုပ်ပေးထားပါတယ်။ Facebook ပိုင်ဆိုင်တဲ့ Instagram ပေါ်မှာတော့ Apple အပြာရောင်အမှတ်အသား ရှိတုန်းပါပဲ။ Facebook နဲ့ Apple အကြားက တိုက်ပွဲက ပြီးခဲ့တဲ့ အပတ်က စတင်လာတာ ဖြစ်ပါတယ်။ လာမယ့်နှစ် ထွက်မယ့် Apple ရဲ့ iOS 14.4 ကတော့ ကြော်ငြာအတွက် app တွေ ခြေရာခံတာကို သုံးစွဲသူတွေက ပိုမို ထိန်းချုပ်ခွင့်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

လက်ရှိမှာ Facebook ဟာ app တွေအကြား သုံးစွဲသူတွေကို ခြေရာခံနေပါတယ်။ အဲဒီ နည်းလမ်းနဲ့ လုပ်ငန်းအသေးစားလေး အပေါ် ဖောက်သည်တွေနဲ့ ချိတ်ပေးပါတယ်။ Facebook လူမှုကွန်ရက်ကတော့ Apple အပြောင်းအလဲသစ်နဲ့ ပတ်သက်နေတဲ့ စာမျက်နှာပြည့် ကြော်ငြာဖယ်ရှားတဲ့ကိစ္စ အပေါ် မှတ်ချက်ပြုခဲ့ပါတယ်။ Facebook ကတော့ အသေးစားလုပ်ငန်းတွေနဲ့အတူ ရပ်တည်မယ်လို့ ကြေညာခဲ့ပါတယ်။

Apple စီအီးအို တင်ကွတ်ကလည်း Twitter ကနေ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ “ကျွန်တော်တို့က သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ဘယ်လိုစုဆောင်းပြီး အသုံးချနေတဲ့အပေါ် ရွေးချယ်ခွင့်ရှိစေချင်ပါတယ်” လို့ သူကရေးသားခဲ့တယ်။

“Facebook ဟာ အရင်ကလိုပဲ app နဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ သုံးစွဲသူတွေ အပေါ် ဆက်လက်ခြေရာခံနေပါတယ်။ iOS 14 က App Tracking Transparency ကတော့ ခွင့်ပြုချက် အရင်တောင်းမှာပါ” တင်ကွတ်က Facebook လို app တွေခြေရာခံရင် သုံးစွဲသူတွေအပေါ် မေးမြန်းမယ့် ပုံစံကို ဓာတ်ပုံနဲ့တကွ ဖော်ပြပေးခဲ့ပါသေးတယ်။

===========

နောက်ဆုံးရသတင်း

မတ်နာဗာရားက Facebook ဟာ Apple ပေါ်က အပြာရောင် အမှတ်အသားဖယ်ရှားခဲ့တယ်ဆိုတဲ့ သတင်းကို ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ အဲ့သတင်းအပေါ် Facebook ကတုံ့ပြန်ချက်က-

-Apple ရဲ့ Facebook စာမျက်နှာက ဘယ်တော့မှ verify မလုပ်ထားပါဘူး

-Apple နဲ့ဆက်စပ်နေတဲ့ Facebook စာမျက်နှာတွေဖြစ်တဲ့ Apple Music, Apple Podcasts, Apple TV စာမျက်နှာမှာ‌တော့ verify လုပ်ထားပါတယ်

-Apple Facebook စာမျက်နှာကို verify မလုပ်တဲ့အကြောင်းပြချက်ကိုလည်း Facebook ကရှင်းလင်းခဲ့ပါတယ်။ Apple Facebook စာမျက်နှာတွေကို verify လုပ်ဖို့ဆို page ကိုင်တဲ့ admin က verification လုပ်ငန်းစဉ်ကို ဆောင်ရွက်ဖို့ လိုတယ်လို့ သိရပါတယ်။

 

-စိုးထက်
Ref: DailyMail

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««