Apple ငွေပေးချေမှုနဲ့ လစဉ်ကြေးပေးသွင်းမှုကို YouTub TV ရပ်တန့်

Google ရဲ့ ဗီဒီယိုဝန်ဆောင်မှု YouTube က တိုက်ရိုက်ထုတ်လွှင့်မှုကို ပြသလေ့ရှိတဲ့ YouTube TV ဟာ Apple ရဲ့ in-app ငွေပေးချေမှုစနစ်ကနေ လစဉ်ကြေးပေးသွင်းမှုကို ရပ်တန့်လိုက်ပါတယ်။ Google ဟာ iOS app အတွင်း တည်ဆောက်ထားတဲ့ ငွေပေးချေမှုစနစ်ကနေ နုတ်ထွက်လိုက်တဲ့ ကုမ္ပဏီတစ်ခုဖြစ်လာပါတယ်။ Apple ရဲ့ iOS စနစ်ဟာ ကိုယ်ပိုင်ဝန်ဆောင်မှုကို ပြိုင်ဆိုင်မှုအတွင်း အသာစီးရယူနိုင်အောင် ပြုလုပ်ပေးပြီး ကောက်ခံတဲ့ငွေကြေးလည်း များပြားတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

“YouTube TV က iOS မှာ in-app ဝယ်ယူမှုကို မထောက်ပံ့တော့ပါဘူး။ Apple ဟာ YouTube အတွက် အရေးပါတဲ့ စီးပွားဖက်အဖြစ် ဆက်ရှိနေဆဲပါ။ ကျွန်တော်တို့ သုံးစွဲသူတွေက iOS ထုတ်ကုန်တွေမှာ စိတ်ကြိုက် content တွေကို ဆက်လက်ကြည့်ရှုနိုင်ပါသေးတယ်” လို့ YouTube ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

YouTube TV ကို Apple ကတစ်ဆင့် ငွေပေးသွင်းမှုကို မတ်လ ၁၃ ရက်မှာ အဆုံးသတ်မယ်လို့ အီးမေးလ်ပေးပို့ထားပါတယ်။ တကယ်လို့ Apple ကတစ်ဆင့် လစဉ်ကြေးပေးသွင်းနေတဲ့ account တွေက ငွေပေးချေမှု ပုံစံသစ်မရှိရင် မတ်လ ၁၃ ရက်အပြီး ပထမဆုံးဘီလ်ပေးဆောင်မှုကို ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: CNET