Apple က လာမယ့်နှစ်မှာ ကိုယ်ပိုင်ချစ်ပ်ထည့်သုံးထားတဲ့ Mac ရောင်းချဖို့စီစဉ်ပြီ

Apple ဟာ ၂၀၂၁ မှာတော့ ကိုယ်ပိုင်ချစ်ပ် ထည့်သွင်းထားတဲ့ Mac ကွန်ပျူတာကို စတင်ရောင်းချနိုင်ဖို့ စီစဉ်နေပါတယ်။

Apple က ကိုယ်ပိုင် Mac ပရိုဆက်ဆာ ၃ မျိုးကို လုပ်နေပါတယ်။ မျိုးဆက်သစ် iPhone အတွင်း A14 ပရိုဆက်ဆာတွေကို အခြေခံပြီး ပြုလုပ်နေတယ်လို့ သိရပါတယ်။ ကိုယ်ပိုင် Mac ချစ်ပ်တွေက iPhone နဲ့ iPad အတွင်းက ပရိုဆက်ဆာတွေထက် ပိုမို မြန်ဆန်မယ်လို့ သတင်းရင်းမြစ်က ပြောခဲ့ပါတယ်။

လာမယ့်နှစ်မှာ အနည်းဆုံးတော့ ကိုယ်ပိုင်ချစ်ပ်အသုံးပြုထားတဲ့ Mac ထုတ်ကုန်တစ်ခုကို ထွက်ရှိဖို့ Apple စီစဉ်နေပါတယ်။ ဒါပေမဲ့လည်း ချစ်ပ်အမျိုးမျိုး ထုတ်လုပ်မယ့် Kalamata အစီအစဉ်က Intel အပေါ်မှီခိုနေရတဲ့ Mac ကို အပြောင်းအလဲ ပြုလုပ်လာနိုင်ပါမယ်။

iPhone နဲ့ iPad ပရိုဆက်ဆာအတွက် Apple နဲ့ပူးပေါင်းထားတဲ့ Taiwan Semiconductor (TSMC) ကုမ္ပဏီက Mac ချစ်ပ်အသစ်ကို ထုတ်လုပ်မယ်လို့ သိရတယ်။ ချစ်ပ်အစိတ်အပိုင်းတွေကို 5-nanometer ထုတ်လုပ်မှု နည်းလမ်းနဲ့ ဖန်တီးမယ်လို့ သိရပါတယ်။ လာမယ့် iPhone နဲ့ iPad Pro တို့မှာလည်း အလားတူ ချစ်အရွယ်အစားကိုပဲ အသုံးပြုမှာပါ။

စိုးထက်
Ref: Bloomberg

အင်တာနက်ဂျာနယ်က တင်ဆက်ပေးနေတဲ့ သတင်းတွေကို Youtube Channel ဖြစ်တဲ့ ဒီနေရာ မှာလည်း ကြည့်ရှုနိုင်ပါတယ်…