Apple ကအသစ်ဖြန့်ချိလိုက်တဲ့ iOS 13.3 နဲ့ပတ်သက်ပြီး သိသင့်သမျှ

Apple iOS 13.3 ဟာ ခန့်မှန်းထားတဲ့အတိုင်း ဒီဇင်ဘာလ ၁၀ ရက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ စက်တင်ဘာလအတွင်း စတင် ထွက်ပေါ်လာတဲ့ iOS 13 ဟာ အားနည်းချက်တွေ များစွာဖြစ်ပေါ်ခဲ့တာကြောင့် iOS 13.3 ဟာ ၈ ခုမြောက် update ဖြစ်ပါတယ်။ iOS 13.3 မှာ feature အသစ်တွေနဲ့ fix တွေပါဝင်လာပါတယ်။

ဘယ်သူ့အတွက်လဲ

iOS 13.3 ကို iOS 13 ထောက်ပံ့မှုရရှိတဲ့ ထုတ်ကုန်တွေမှာ အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် iPhone 6S နဲ့အထက် ထုတ်ကုန်တွေ ထည့်သွင်းနိုင်ပြီး iPod touch သတ္တမမြောက်မျိုးဆက်မှာလည်း အသုံးပြုနို်ငပါတယ်။ သုံးစွဲသူက Settings > General > Software Update ကိုသွားရောက်ပြီး update ရရှိ၊ မရှိ စစ်ဆေးနိုင်ပါတယ်။ Beta ဗားရှင်းကို စမ်းသပ်သုံးစွဲသူတွေ အနေနဲ့ iOS 13.3 ကိုအသုံးပြုမယ်ဆိုရင် Unenroll ပြုလုပ်ရမှာ ဖြစ်ပါတယ်။

အပြောင်းအလဲများ

iOS 13.3 မှာ feature တွေများစွာပါဝင်သလို ပြဿနာများစွာကိုလည်း ဖြေရှင်းထားပါတယ်။

Mobile Data

iOS သုံးစွဲသူတွေဟာ မိုဘိုင်း data အသုံးပြုလို့မရတဲ့ ပြဿနာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီပြဿနာကို iOS 13.3 က ဖြေရှင်းပေးခဲ့ပါတယ်။ တကယ်လို့ အဲဒီပြဿနာတွေ ဆက်လက် ကြုံတွေ့နေရသေးရင် သုံးစွဲသူက Settings > General > Reset လုပ်ပြီး ဖြေရှင်းနိုင်ပါတယ်။

ဘက်ထရီပိုင်း

iOS 13 မှာ ဘက်ထရီကုန်ခန်းနေတဲ့ ပြဿနာ ဖြစ်ပေါ်ခဲ့ပါတယ်။ iOS 13.3 မှာတော့ ဘက်ထရီပိုင်း ထူးထူးခြားခြား အပြောင်းအလဲ မရှိဘူးလို့ Forbes က သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ iOS 13.3 က အထွေထွေတည်ငြိမ်မှု bug တွေအပြင် user interface ပြတ်တောက်မှုနဲ့ စွမ်းဆောင်ရည်ပိုင်း တည်ငြိမ်အောင် ပြုလုပ်ပေးခဲ့ပါတယ်။

iOS 13.3 မှာဘာတွေပါဝင်လာလဲ

Apple က iOS 13.3 မှာပါဝင်တဲ့ content စာရင်းကို တရားဝင်ဖော်ပြခဲ့ပါတယ်။ အဲဒီ content တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Screen Time

– ကလေးတွေအတွက် ဖုန်းခေါ်ဆိုမှု၊ FaceTime ဒါမှမဟုတ် Message ကိုကန့်သတ်နိုင်တဲ့ parental control အသစ်တွေပါဝင်လာ

– ကလေးတွေရဲ့ ထုတ်ကုန်မှာ ပေါ်မယ့် contact တွေကို မိဘတွေက စာရင်းနဲ့ထည့်သွင်းနိုင်

Apple News

– Wall Street Journal နဲ့အခြားထိပ်တန်းသတင်းစာတွေက Apple News+ သတင်းတွေအတွက် စာမျက်နှာဖွဲ့စည်းပုံအသစ် ပါဝင်လာ

– စာဖတ်သူက tap တစ်ချက်နဲ့ သတင်းတွေကို like ဒါမှမဟုတ် dislike လုပ်နိုင်

Stocks

– ကနေဒါနိုင်ငံမှာ Apple News ကသတင်းတွေကို အင်္ဂလိပ်ပိုင်းနဲ့ ပြင်သစ်ပိုင်း ၂ခုစလုံးနဲ့ ဖတ်ရှုနိုင်

– သတင်းဌာနတစ်ခုက သတင်းတွေကို ဆက်စပ်လင့်ခ်နဲ့ ဆက်လက်ဖတ်ရှုနိုင်

– ထိပ်တန်းသတင်းတွေအတွက် “ကြားဖြတ်” နဲ့ “ဆ က်လက်ဖြစ်ပျက်ဆဲ” ဆိုတဲ့လေဘယ် ၂ ခု ခွဲထား

Parental controls ဟာ iOS 13.3 မှာ ထူးခြားပြီး မိသားစုတွေအနေနဲ့ ကလေးတွေအတွက် မျက်နှာပြင်အသုံးပြုတဲ့အချိန်ကို ကန့်သတ်မယ့်နေရာမှာ ကောင်းစွာအသုံးချနိုင်မှာ ဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့ feature တွေက iOS 13 မှာပါဝင်ဖို့ နှောင့်နှေးခဲ့ပြီး အခုမှပဲ ပါဝင်လာတာ ဖြစ်ပါတယ်။

iOS 13.3 မှာပါဝင်တဲ့ အခြား feature တွေကတော့ Photos အတွင်းက ဗီဒီယိုကို တည်းဖြတ်ချိန်မှာ ဗီဒီယိုအသစ်ကို ဖန်တီးနိုင်ပါတယ်။ နောက်တစ်ခုကတော့ Safari အတွင်း NFC, USB နဲ့ Lighting FIDO2 လုံခြုံရေးသော့တွေကို အသုံးပြုနိုင်ပါတယ်။

iOS 13.3 မှာ Mail, Gmail နဲ့ Exchange တို့ကို ပြင်ဆင်ထားသလို Markup, Screenshots, Voice Memos နဲ့ ကြိုးမဲ့အားသွင်းမှု နှေးကွေးတာကိုလည်း ပြင်ဆင်ပေးထားပါတယ်။

လုံခြုံရေးအတွက် FaceTime, Photos နဲ့ WebKit မှာတွေ့ရတဲ့ အားနည်းချက်အတွက် အရေးကြီးတဲ့ပြင်ဆင်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ iOS 13.3 မှာ iPhone 11 မှာဖြစ်ပေါ်ခဲ့တဲ့ တည်နေရာဝေမျှမှု ပြဿနာကိုတော့ မပြင်ဆင်ထားဘူးလို့ Forbes ကထောက်ပြခဲ့ပါတယ်။

-စိုးထက်
Ref: Forbes