Android Wear စမတ်နာရီဈေးကွက်ထဲ ဝင်ရောက်လာတဲ့ Kate Spade

အခုနှစ် CES ပြပွဲမှာ Android Wear ထုတ်ကုန်တော်တော်များများ ပါဝင်ပြသခဲ့ပါတယ်။ Fossil ကလည်း touchscreen စမတ်နာရီတွေပြသခဲ့သလို Fossil ရဲ့ကုမ္ပဏီခွဲ Skagen ကလည်း ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီကို ပြသခဲ့ပါတယ်။ Fossil ရဲ့အခြားအမှတ်တံဆိပ်ထဲက တစ်ခုဖြစ်တဲ့ Kate Spade ကလည်း ကုမ္ပဏီရဲ့ ပထမဆုံး Android Wear စမတ်နာရီကို ထုတ်ဖော် မိတ်ဆက်ခဲ့ပါတယ်။

Kate Spade စမတ်နာရီကို စတိုင်လ်သုံးမျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ လက်ကောက်ပုံစံ rose gold ကိုယ်ထည်၊ vachetta သားရေလက်ပတ်နဲ့ rose gold ကိုယ်ထည်နဲ့ အနက်ရောင် သားရေလက်ပတ် အသုံးပြုထားတဲ့ ရွှေဝါရောင်ကိုယ်ထည်ဆိုပြီး စတိုင်လ်သုံးမျိုး ထုတ်လုပ်ထားပါတယ်။ ၁.၉ လက်မ AMOLED display ဖြစ်တဲ့ စတီးကိုယ်ထည်တွေမှာ ကြာယပ်ပုံစံ ပုံဖော်ထားပြီး ဘက်ထရီသက်တမ်း တာရှည်ခံစေဖို့ ambient light sensor ကို အသုံးပြုထားပါတယ်။

အဲဒီစမတ်နာရီရဲ့ ရေစိုခံနိုင်ရည်က 1 ATM အဆင့်သတ်မှတ်ချက် ရရှိထားတဲ့အတွက် ရေနဲ့ မတော်တဆ ထိတွေ့တဲ့အခါမျိုးမှာ အကာအကွယ်ပေးနိုင်ပါတယ်။

Kate Spade စမတ်နာရီမှာ Android Wear 2.0 အသုံးပြုထားတာကြောင့် Android နဲ့ iOS စမတ်ဖုန်းတွေနဲ့ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Google Assistant စနစ်ကို အသုံးပြုနိုင်ပြီး သတိပေးချက်တွေကို ပြန်ကြားတာ၊ စမတ်အိမ်သုံး ထုတ်ကုန်တွေကို ထိန်းချုပ်တာနဲ့ အခြားလုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်ပါတယ်။

Kate Spade နာရီမှာ အထူးခြားဆုံး feature ကတော့ “choose your look” watch app ပါဝင်လာတာ ဖြစ်ပါတယ်။ အဲဒီ app ကိုဖွင့်တဲ့အခါမှာ သုံးစွဲသူကို ဘာဝတ်ထားသလဲ၊ ဘယ်အချိန်ရှိပြီလဲ၊ ဝတ်ထားတဲ့ လက်ဝတ်ရတနာအရောင်နဲ့ လက်ကိုင်အိတ်အရောင်စတဲ့ မေးခွန်းတွေ မေးမြန်းသွားမှာ ဖြစ်ပါတယ်။ အဖြေပေါ်မူတည်ပြီး သုံးစွဲသူ ဝတ်ဆင်ထားတဲ့ အဆင်အပြင်နဲ့ လိုက်ဖက်တဲ့ နာရီမျက်နှာပြင်ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Kate Spade နဲ့ Fossil တို့ဟာ pre-installed နာရီမျက်နှာပြင်တွေကို ထည့်သွင်းခဲ့ပြီး မျက်တောင်ခတ်တဲ့ ပုံစံ၊ ဒေစီပန်းတွေ ကြွေကျတဲ့ပုံစံနဲ့ taxis စတဲ့ animation တွေကို ထည့်သွင်းထားပါတယ်။

Kate Spade စမတ်နာရီတွေ ကြိုတင်မှာယူမှုကို ဇန်နဝါရီ ၁၀ ရက် (ဒီနေ့) ကစတင် လက်ခံနေပြီး ဖေဖော်ဝါရီလမှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: AndroidAuthority