Android 10 အခြေခံ MiFavor 10 OS ကို ZTE ထုတ်ဖော်မိတ်ဆက်

ZTE ဟာ Android အခြေခံ နောက်ဆုံးပေါ် UI ကို ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ အဲဒီ UI ကို ZTE ထုတ်ကုန်များစွာအတွက် ထောက်ပံ့သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ZTE ဟာ MiFavor 10 OS ရဲ့ အဓိက အချက်အလက်ကို ဖော်ပြထားတဲ့ Infographic ကိုလည်း Weibo မှာတင်ခဲ့ပါတယ်။

Icon နဲ့ dark mode

MiFavor မှာ dark mode ပါဝင်လာမှာ ဖြစ်ပါတယ်။ Dark mode ကိုအပြီးမသတ်ရသေးပေမယ့် ဆက်လက်လုပ်ကိုင်နေပြီး အနက်ရောင် နောက်ခံတွေနဲ့ ကြည့်ရှုရအဆင်ပြေစေမယ့် အဖြူရောင်စာသားတွေ ပါဝင်လာပါတယ်။ ဒါကြောင့် ညအခါမှာ ဖုန်းအသုံးပြုတဲ့အခါမှာ သက်သောင့်သက်သာ ဖြစ်လာမှာပါ။

ဒါ့အပြင် ဖုန်းရဲ့ icon တွေကိုလည်း ပြန်လည်ဆန်းသစ်ခဲ့ပြီး system icon ၁၆၀၀ ကျော် ပါဝင်လာပါတယ်။ MiFavor 10 ရဲ့ system icon အသစ် ၈၀ ကျော်အတွက် micro-motion effect တွေထည့်သွင်းထားပါတယ်။ OS မှာ UI ရွေ့လျားမှုနဲ့ transition တွေလည်း ပါဝင်လာပါတယ်။

Theme နဲ့ wallpaper များ

MiFavor 10 မှာ အရောင်အသွေးစုံလင်တဲ့ wallpaper တွေပါဝင်လာပါတယ်။ အများစုက ဖုန်းရဲ့ အနက်ရောင်နဲ့ လိုက်ဖက်အောင် ပြုလုပ်ပေးထားပါတယ်။ ဖုန်းထဲမှာ built-in theme ၆ ခု အသစ်လည်း ပါဝင်လာပါတယ်။ ကိုယ်ပိုင် icon တွေလည်း ပါဝင်အောင် ထည့်သွင်းထားပါတယ်။

သတိပေးချက်များ

MiFavor 10 မှာ သတိပေးချက် ဒီဇိုင်းအသစ်ပါဝင်လာပြီး စိတ်အနှောင့်အယှက် မဖြစ်အောင် ပြုလုပ်ပေးထားပါတယ်။ Samsung ရဲ့ OneUI လိုမျိုး သတိပေးချက် pop-up တွေနဲ့ဆင်ပါတယ်။

ZTE ဟာ IM app မှာအသုံးပြုထားတဲ့ keyboard တစ်မျိုးနဲ့ windows interface ကိုလည်းပြသခဲ့ပါတယ်။ MiFavor 10 ဟာ လုပ်ဆောင်ချက်တွေကို အာရုံစိုက်လုပ်ကိုင်ထားပြီး ဗီဒီယိုကို fullscreen ကြည့်ရှုတဲ့အခါ သတိပေးချက်တွေကို အလျင်အမြန် တုံ့ပြန်နိုင်အောင် ပြုလုပ်ထားပါတယ်။

Smart Screen Recognition နဲ့ အသံထိန်းချုပ်မှ

သုံးစွဲသူက MiFavor 10 မှာ မျက်နှာပြင်ပေါ် လက်ချောင်း ၂ ချောင်းနဲ့ ဖိထားရင် ဖုန်းပေါ်က အကြောင်းအရာတွေကို အလျင်အမြန် လေ့လာဆန်းစစ်ပေးနိုင်ပါတယ်။ အဲဒီလုပ်ဆောင်ချက်က Google Assistant နဲ့ဆင်ပါတယ်။ MiFavor 10 ဟာစာသားနဲ့ ဓာတ်ပုံတွေကို သိနိုင်ပြီး တူညီတဲ့ ထုတ်ကုန်နဲ့ အကြံပြုထောက်ခံချက်တွေအပြင် အခြားရွေးချယ်မှုတွေကို ဖော်ပြပေးသလို တိရစ္ဆာန်တွေ၊ အပင်တွေ၊ အထူးစာလုံးတွေကိုလည်း မှတ်မိပါတယ်။

UI ကိုထိန်းချုပ်အသုံးပြုဖို့ အသံထိန်းချုပ်မှု စနစ်ပါဝင်တယ်လို့ ZTE ကပြောထားပါတယ်။ MiFavor 10 မှာသဘာဝကျတဲ့ ဝါကျဖွဲ့စည်းမှု ပါဝင်တဲ့အတွက် in-app အမိန့်ပေးမှုလုပ်ကိုင်နိုင်သလို နာမည်ကျော် WeChat လုပ်ဆောင်ချက်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

အဆင့်မြှင့်တင်ထားတဲ့ AI engine

Z-Booster 2.0 ဟာ ဖုန်းစနစ်ထဲက အရင်းအမြစ်တွေကို ကောင်းကောင်း ဝေစုခွဲပေးနိုင်ပါတယ်။ MiFavor 10 မှာ gaming စွမ်းဆောင်ရည်တိုးတက်လာပြီး latency နိမ့်ပါးသလို ရုပ်ထွက်အရည်အသွေး ပိုမိုကောင်းမွန်လာပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေက app start-up အတွင်း general boost ကို ကြည့်နိုင်ပါတယ်။

MiFavor 10 မှာ အခြား feature များစွာဖြစ်တဲ့ စာရွက်စာတမ်းမှတ်သားမှုနဲ့ angle ပြင်ဆင်မှု ဓာတ်ပုံအမျိုးအစား အလိုအလျောက်ခွဲတာနဲ့အရေးပေါ်ဖုန်းခေါ်ဆိုမှု စတဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါတယ်။ MiFavor 10 ကို ZTE Axon 10 Pro 4G နဲ့ 5G ဗားရှင်း နှစ်မျိုးစလုံးအတွက် ဖြန့်ချိသွားမှာ ဖြစ်သလို ZTE Blade V10 နဲ့ ZTE Axon 9 Pro တို့အတွက်လည်း ဖြန့်ချိမယ်လို့ ZTE ကအတည်ပြုထားပါတယ်။

စိုးထက်
Ref: GSMArena