Android 10 မှာ Wi-Fi စကားဝှက်ကို QR Code အသုံးပြု၍ ဘယ်လိုမျှဝေမလဲ

မိမိရဲ့ အိမ်ကို သူငယ်ချင်း၊ မိတ်ဆွေတွေရောက်ရှိလာပြီး အိမ်ရဲ့ အင်တာနက်နဲ့ချိတ်ဆက်ဖို့ Wi-Fi စကားဝှက်တောင်းခံတဲ့အခါ မိမိအနေနဲ့ Wi-Fi လျှို့ဝှက်နံပါတ်ကို မမှတ်မိတာမျိုးအတွက် အဆင်ပြေမယ့် နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်။ Android OS ver. 10 နဲ့ အထက် ထည့်သွင်းအသုံးပြုထားတဲ့ ဖုန်းတွေမှာ တခြား Third party app မလိုဘဲ တိုက်ရိုက် Wi-Fi စကားဝှက်ကို QR Code အနေနဲ့ မျှဝေနိုင်မှာဖြစ်ပါတယ်။

ဒီလိုမျှဝေဖို့အတွက် ဖုန်းကို ဝိုင်ဖိုင်ကွန်ရက်နဲ့ချိတ်ဆက်ထားရမှာဖြစ်ပါတယ်။ အရင်ဆုံးဖုန်းရဲ့ Settings ထဲကို သွားပါ။

မိမိအိမ်ရဲ့ Wi-Fi ကွန်ရက်ကို ရွေးဖို့ Wi-Fi စနစ်ထဲကို ဝင်ဖို့ Wi-Fi ဆိုတဲ့ စာသားကို တစ်ချက်နှိပ်လိုက်ပါ။

Wi-Fi စနစ်ထဲရောက်သွားရင် အခြား Wi-Fi တွေထဲက မိမိအိမ်ရဲ့ Wi-Fi အမည်မှာ တွေ့ရတဲ့ စက်သွားပုံစံလေးကို တစ်ချက်ထပ်နှိပ်လိုက်ပါ။

Wi-Fi ကွန်ရက်ရဲ့ အသေးစိတ်အချက်အလက်စနစ်ထဲကို ရောက်သွားပါလိမ့်မယ်။ အဲဒီမှာ SHARE ဆိုတဲ့ အပြာရောင်စာသားနဲ့ QR icon ပုံစံလေးကို တွေ့ပါလိမ့်မယ်။ အဲဒါကို တစ်ချက်နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ ဖုန်းမှာ QR တစ်ခု ပေါ်လာပါလိမ့်မယ်။

အဲလိုဆိုရင်တော့ မိမိရဲ့ Wi-Fi ကို QR အနေနဲ့ မျှဝေမှု ပြီးဆုံးပြီဖြစ်ပါတယ်။ အခြားဖုန်းကနေ ဒီ Wi-Fi QR ကို ချိတ်ဆက်နည်းကို ဆက်လက်ဖော်ပြပေးပါမယ်။ အထက်မှာဖော်ပြခဲ့တဲ့ ပုံ – ၁-၂ လိုမျိုး ချိတ်ဆက်မယ့် ဖုန်းရဲ့ Setting ထဲကို ဝင်ပါ။ ပြီးရင် Wi-Fi စနစ်ထဲကို ဆက်ဝင်ပါ။ Wi-Fi စနစ်ထဲကိုရောက်ရင်တော့ အောက်မှာပြထားတဲ့ပုံထဲက Add network ဆိုတဲ့ စာသားဘေးမှာပါတဲ့ အပြာရောင် QR icon ကို နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ QR စကမ်လုပ်ဖို့ ကင်မရာစနစ်ပွင့်လာမှာဖြစ်ပြီး Wi-Fi မျှဝေပေးမယ့်ဖုန်းရဲ့ QR ကို ဖတ်ပေးရမှာ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ Wi-Fi စနစ်ကို လျှို့ဝှက်စွာပဲ QR ကတစ်ဆင့် မျှဝေခြင်း၊ လက်ခံရယူခြင်း အောင်မြင်စွာလုပ်ဆောင်နိုင်ပြီပဲဖြစ်ပါတယ်။ ခုနည်းလမ်းက မိမိအနေနဲ့ လျှို့ဝှက်နံပါတ်ကို ဒီအတိုင်း ရိုက်ပြီး မျှဝေတာထက် ပိုမို လုံခြုံမှုလည်း ရှိပါတယ်။

-ရဲထွဋ်ဝင်း