Android နှင့် iPhone ဖြင့် တွဲဖက်အသုံးပြု နိုင်သည့် Microsoft Band

Microsoft-fitness-band.jpg

Microsoft သည် iPhone သို့မဟုတ် Android ဖုန်းများဖြင့် sync ပြုလုပ်ကာ အသုံးပြုနိုင်သော Microsoft Band ဟုအမည်ရသည့် စမတ်နာရီကို ကုမ္ပဏီ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

Microsoft  Band တွင် fitness track အများစု၌ ပါဝင်သောခြေလှမ်း တိုင်းတာပေးခြင်း၊ နှလုံးခုန်နှုန်း စောင့်ကြည့် ပေးခြင်းစသည့် feature များထည့်သွင်း ထားသည်။ ထို့အပြင် Microsoft Band တွင်အရောင်စုံ touchscreen အပြင် သတိပေးချက်များလည်း ပါဝင်လာသည့်အပြင် Starbucks  ဆိုင်သို့ ရောက်ရှိသည့်အခါ ငွေပေးချေမှု များလည်းပြုနိုင်သည့် စနစ်လည်း ပါဝင်လာမည် ဖြစ်သည်။ ယခုအခါ ၎င်းထုတ်ကုန်ကို စတင်ရောင်းချ ပေးနေပြီး အမေရိကန် နိုင်ငံတွင် ဒေါ်လာ ၁၉၉ ဖြင့်ရောင်းချ ပေးနေပြီ ဖြစ်သော်လည်း ယူကေနှင့် သြစတြေးလျ နိုင်ငံတွင် ရောင်းချမည့် ဈေးနှုန်းကိုမူ Microsoft မှ မထုတ်ပြန်သေးပေ။ Microsft Band သည်ရေနှင့် ဖုန်ဒဏ်ခံနိုင်ရည်ရှိပြီး ၎င်းတွင်အားပြန်လည် သွင်းနိုင်သော lithium-ion polymer 100mAh ဘက်ထရီ ပါဝင်သောကြောင့် ၄၈ နာရီအထိ အသုံးပြုနိုင်သည်။

Band သည် သုံးစွဲသူ၏ နှလုံးခုန်နှုန်းကို တစ်ရက်တွင် ၂၄ နာရီပတ်လုံး စောင့်ကြည့်ပေးပြီး အပြင်ထွက်သည့် အခါတွင်လည်း ခရမ်းလွန်ရောင်ခြည် အဆင့်ကို တိုင်းတာပေးသည်။ ထိုသို့ Band မှသုံးစွဲသူထံမှ ရယူထားသော ကျန်းမာရေး အချက်အလက်များကို Microsoft  Health  ဟုခေါ်ဆိုသော app နှင့် အွန်လိုင်း ဝန်ဆောင်မှုထံသို့ ရောက်ရှိသွားမည် ဖြစ်သည်။

Microsoft Health သည် ဖုန်းအများစုနှင့် ချိတ်ဆက် အသုံးပြုနိုင်သည့် အပြင် အခြား fitness app နှင့် ဝန်ဆောင်မှု များဖြစ်သော MyFitnessPal, RunKeeper နှင့် MapMy Fitness တို့ဖြင့်လည်း ချိတ်ဆက်နိုင်သည်။

Microsoft Band နှင့် Microsoft Health တို့ကို အသုံးပြုရန်အတွက် 8.1 update ပြုလုပ်ထားသော Windows Phone ထုတ်ကုန်၊ iOS 7.1 သို့မဟုတ် 8 အသုံးပြုထားသော iPhone နှင့် 4.3 သို့မဟုတ် 4.4 အသုံးပြုထားသော Android ဖုန်းတို့ဖြင့် သုံးစွဲနိုင်သည်။

-စိုးထက်
(Ref : CNET)