Android ဖုန်းအသုံးပြုသူတွေ သိထားသင့်တဲ့ settings (၅) ခု

သင်ဟာ Android ဖုန်းနှစ်သက်သူတစ်ယောက် ဆိုရင် settings တချို့ကို သိထားသင့်ပါတယ်။ Android ဖုန်းတွေရဲ့ အားသာချက်ကတော့ စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ ရွေးချယ်မှုနဲ့ settings ပါဝင်တာဖြစ်ပါတယ်။ အဲဒီအချက်တွေက Android ပရိသတ်တွေအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်ပါတယ်။

ဘက်ထရီကို တိုးတက်စေမယ့် settings

ဘက်ထရီအားနည်းတဲ့ ဖုန်းတွေက စိတ်ပျက်စရာပါပဲ။ ဖုန်းဘက်ထရီကို အပြည့်အဝ အသုံးချနိုင်ဖို့ နည်းလမ်းတချို့ရှိပါတယ်။

(၁) ဖုန်းပေါ်က auto screen brightness ပိတ်ပြီး ၅၀ ရာခိုင်နှုန်းအောက် ထားပါ။ မျက်နှာပြင်အလင်းက တောက်ပလေ ဘက်ထရီစွမ်းအင် ပိုမိုလိုအပ်လေပါပဲ။

(၂) Adaptive Battery နဲ့ Battery Optimization ကိုအသုံးပြုပါ။ Google က Android 9.0 Pie မှာ အဲဒီ feature ၂ ခုကို စတင်မိတ်ဆက်ခဲ့ပါတယ်။ သုံးစွဲသူက ဖုန်းကို ဘယ်လို အသုံးပြုမလဲဆိုတာ သင်ယူပြီး app အသုံးပြုတာနဲ့ အသုံးပြုချိန်ကိုလည်း သိပါတယ်။ ဘက်ထရီ အသုံးပြုမှုနှုန်းနဲ့ app ကိုချိန်ညှိပေးပါတယ်။

Dark mode

ဖုန်းဘက်ထရီကို ပိုမိုချွေတာနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ dark mode အသုံးပြုတာ ဖြစ်ပါတယ်။ Android 10 နဲ့အထက် အသုံးပြုထားတဲ့ ဖုန်းတွေမှာ dark mode ပါဝင်လာပါတယ်။

Google ထုတ်ပြန်ချက်အရ dark mode က မျက်လုံးကို ညောင်းညာမှုကို သက်သာစေရုံတင် မကဘဲ ဘက်ထရီသက်တမ်းကိုလည်း ပိုမိုတိုးတက်လာစေပါတယ်။ OLED မျက်နှာပြင်က အနက်ရောင် နောက်ခံကလည်း စွမ်းအင်ယူမှုကို ပိုမိုနည်းပါးစေပါတယ်။

Android ဗားရှင်းနဲ့ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီအပေါ်မူတည်ပြီး dark mode settings ပါဝင်တဲ့ ပုံစံ ကွဲပြားနိုင်ပါတယ်။

Home screen ကိုရှင်းလင်းခြင်း

Home screen မှာ icon တွေများလာရင် app ရှာဖွေတာ ပိုမိုခက်ခဲလာတတ်ပါတယ်။ Home screen ကိုရှင်းလင်းဖို့ နေရာလွတ်ပေါ်မှာ ဖိနှိပ်ထားရင် Home settings ပေါ်လာပါမယ်။ ပြီးတော့ Add icon to Home Screen ကိုပိတ်လိုက်ရုံပါပဲ။

အဲဒီအခါမှာ app အသစ်တွေ install လုပ်တဲ့အခါ icon တွေ မပေါ်လာတော့ပါဘူး။ App ရဲ့ icon တွေကို ထည့်သွင်းချင်ရင်တော့ app drawer ထဲကနေ ရယူနိုင်ပါတယ်။

Do Not Disturb

ညအိပ်စက်တဲ့အခါ အနှောင့်အယှက်ကင်းကင်းနဲ့ အိပ်စက်နိုင်ဖို့ Do Not Disturb mode ကိုအသုံးပြုသင့်ပါတယ်။ Settings > Sounds ထဲမှာ Do Not Disturb ကိုတွေ့နိုင်ပါတယ်။ အခု feature မှာ အချိန်ကို သတ်မှတ်ချက် အမျိုးမျိုးကို ထည့်သွင်းနိုင်ပါတယ်။ အချိန်ပြည့်သွားရင်တော့ သတိပေးချက်တွေကို ပြန်လည် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကြိုတင်ပြင်ဆင်မှု

သုံးစွဲသူအနေနဲ့ မတော်တဆ ဖုန်းပျောက်ဆုံးသွားတဲ့အခါ ခြေရာခံနိုင်ဖို့ Google ရဲ့ Find My Device လုပ်ဆောင်ချက်ကို တည်ဆောက်ထားသင့်ပါတယ်။ Settings ထဲက Find My Device ကို Security ထဲမှာ တွေ့နိုင်ပါတယ်။

အဲဒီမှာ လိုအပ်တာတွေကို set up လုပ်ထားလို့ရပါတယ်။ ဖုန်းပျောက်သွားတဲ့အခါ ဖုန်းတည်နေရာကြည့်ဖို့ android.com/find လင့်ခ်ကနေ ရှာဖွေလို့ရပါတယ်။ Samusng ဖုန်းသုံးစွဲသူတွေကတော့ findmymobile.samsung.com မှာ ဖုန်းတည်နေရာကို ကြည့်နိုင်ပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««