Android ဖုန်းမှာ App နဲ့ ဂိမ်းတွေရဲ့ အချက်အလက်ဒေတာ လုံးဝမကျန်အောင် ဘယ်လို uninstall လုပ်ဖျက်မလဲ

သင့်အနေနဲ့ ဖုန်းမှာ အက်ပလီကေးရှင်းနဲ့ ဂိမ်းတွေကို မကြာမကြာ install ထည့်သွင်းလိုက်၊ သဘောမကျလို့ uninstall လုပ်ပြန်ဖျက်လိုက် လုပ်လေ့ရှိတယ်ဆိုရင် ဒီနည်းလမ်းက သင့်အတွက်ပါ။ ဒါမှမဟုတ် အက်ပလီကေးရှင်းအသစ် ထည့်သွင်းချင်လို့ အဟောင်းတွေကို ဖျက်တဲ့အခါမှာလည်း ဖုန်းထဲမှာ အက်ပလီကေးရှင်းနဲ့ ပတ်သက်တဲ့ အချက်အလက်ဒေတာတွေ လုံးဝမကျန်အောင် ဖျက်ခြင်းအားဖြင့်လည်း ဖုန်းရဲ့ အသုံးပြုနိုင်တဲ့ သိုလှောင်နိုင်မှု ပမာဏကို ပိုများစေမှာလည်း ဖြစ်ပါတယ်။ ပုံမှန် သင့်အနေနဲ့ ဖျက်ချင်တဲ့ အက်ပလီကေးရှင်းကို နှိပ်ပြီး Uninstall လုပ်တာက အချက်အလက်ဒေတာကို လုံးဝ ဖယ်ရှားပစ်နိုင်ခြင်း မရှိပါဘူး။ ဘာလို့လဲဆိုတော့ တချို့ အက်ပလီကေးရှင်းတွေက ဖုန်းထဲမှာ အချက်အလက်ဖိုင်တွေ ချန်ထားတတ်ခဲ့လို့ ဖြစ်ပါတယ်။ အဲလိုကြောင့် ဖုန်းမှာ အချက်အလက်ဒေတာတွေ မကြာခဏ ပြည့်လို့ဆိုပြီး ပြတတ်တာမျိုးတွေ ဖြစ်နိုင်ပြီး သင့်အနေနဲ့ ဖိုင်တွေ ဖျက်တာ၊ အခြားနေရာတွေမှာ ပြောင်းရွှေ့သိမ်းတာမျိုးတွေ လုပ်ရမှာ ဖြစ်ပါတယ်။

ခုဖော်ပြပေးမယ့် နည်းလမ်းအတိုင်း ဖုန်းထဲက အက်ပလီကေးရှင်းတွေကို ပြန်မဖြုတ်မီ လုပ်ဆောင်ခြင်းအားဖြင့် အချက်အလက်ဒေတာ လုံးဝ မကျန်စေဘဲ uninstall လုပ်ဖျက်နိုင်မှာ ဖြစ်ပါတယ်။ အရင်ဆုံး ဖုန်းရဲ့ Settings စနစ်ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း App & notifications ဆိုတဲ့ စာသားကို ရှာပြီး တစ်ချက်နှိပ်လိုက်ပါ။ (Android ရဲ့ ဗားရှင်းအနိမ့်အမြင့်ပေါ် မူတည်ပြီး စာသားဖော်ပြတဲ့ပုံစံ အနည်းငယ် ကွဲလွဲနိုင်ပါတယ်။)

App & notifications စနစ်ထဲ ရောက်သွားရင်တော့ ဖုန်းထဲမှာ ထည့်သွင်းထားသမျှ App တွေကို ကြည့်နိုင်ဖို့ App info ဆိုတဲ့ စာသားကို နှိပ်လိုက်ပါ။

App info စနစ်ထဲရောက်ရင် သင့်အနေနဲ့ ဖျက်ပစ်ချင်တဲ့ App တစ်ခုကို ရွေးလိုက်ပါ။ အဲလို ရွေးလိုက်ရင် အောက်ပါပုံအတိုင်းပေါ်လာမှာ ဖြစ်ပြီး Storage ဆိုတဲ့ စာသားကို တစ်ချက်နှိပ်လိုက်ပါ။

Storage စနစ်ထဲကိုရောက်ရင်တော့ Clear data သို့မဟုတ် Clear cache ဆိုတဲ့ စာသားတွေကို တစ်လှည့်စီ နှိပ်ပေးပါ။ (Clear data ကို နှိပ်လိုက်ရင်တော့ တချို့ဖုန်းတွေမှာ cache တွေကိုပါ ရှင်းလင်းပေးပါတယ်။)

အဲလို ရှင်းပေးပြီးရင်တော့ အက်ပလီကေးရှင်းကို ဖုန်းထဲမှာ အချက်အလက်ဒေတာ မကျန်စေဘဲနဲ့ uninstall လုပ်ဖျက်ပစ်နိုင်ပြီဖြစ်ပါတယ်။ ဆက်ပြီး လုပ်ဆောင်ရမှာက တချို့ အက်ပလီကေးရှင်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်ဖိုင်တွေကို ရှင်းလင်းပြီးပေမယ့် ဖုန်းရဲ့ file manager app မှာ Folders ဆိုတဲ့ ဖိုင်တချို့ အလွတ်အနေနဲ့ ကျန်ရှိနေတတ်ပါတယ်။ အဲဒါမျိုးတွေကိုလည်း manual အနေနဲ့ ကိုယ်တိုင်ဖျက်ပေးဖို့ လိုအပ်ပါတယ်။ ဖုန်းရဲ့ File Manager စနစ်ကို ဖွင့်လိုက်ပါ ပြီးရင်တော့ အက်ပလီကေးရှင်းနဲ့ ပတ်သက်တဲ့ဖိုင်တွေ ကျန်ရှိ မရှိ စစ်ဆေးပြီး ဖျက်ပေးပါ။

အပေါ်က ဖုန်းရဲ့ Internal သိုလှောင်မှုပိုင်းက ကျန်ရှိတဲ့ဖိုင်တွေကို ဖျက်ပစ်တာဖြစ်ပြီး SD ကတ်ထဲမှာလည်း ထိုနည်းလမ်းအတိုင်း ရှာဖွေ ဖျက်ပေးရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တချို့ အက်ပလီကေးရှင်းနဲ့ ဂိမ်းတွေက ဖုန်းထဲကို install လုပ် ထည့်သွင်းတဲ့အခါမှာ အချက်အလက်ဖိုင်တွေကို SD ကတ်မှာသိမ်းဆည်းတတ်ပြီး တချို့ အက်ပလီကေးရှင်းနဲ့ ဂိမ်းတွေကတော့ ဖုန်းရဲ့ Internal သိုလှောင်မှုစနစ်ထဲမှာ သိမ်းဆည်းတတ်လို့ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ သင့်ရဲ့ Android ဖုန်းတဲ့က အက်ပလီကေးရှင်းနဲ့ ဂိမ်းတွေကို အချက်အလက်ဒေတာ လုံးဝ မကျန်စေဘဲနဲ့ ဖုန်းထဲကနေ ဖျက်ပစ်နိုင်ပြီပဲ ဖြစ်ပါတယ်။