Android တည်ထောင်သူ အန်ဒီရူဘင် ဦးဆောင်တဲ့ Enssential ကုမ္ပဏီ ပိတ်သိမ်း

Android တည်ထောင်သူ အန်ဒီရူဘင်တည်ထောင်တဲ့ မိုဘိုင်း startup ကုမ္ပဏီ Essential Products ရဲ့ အော်ပရေးရှင်းရပ်တန့်ပြီး ကုမ္ပဏီကို ပိတ်သိမ်းလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

Essential Products ကို ၂၀၁၇ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး Essential Phone ကိုကြေညာခဲ့ပါတယ်။ Essential ဟာ Google အမှုဆောင်ဟောင်းက Android စီမံကိန်းအပြီး မိုဘိုင်းဈေးကွက်ထဲ ဝင်ရောက်ဖို့ ကြိုးပမ်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီတန်ကြေးက ဒေါ်လာ ၁ ဘီလျံအထိ ရှိပြီး ပြင်ပငွေကြေးထောက်ပံ့မှု ဒေါ်လာသန်း ၃၃၀ အထိ ရရှိခဲ့ပါတယ်။

Essential Products ဟာ ၂၀၁၇ ခုနှစ်အတွင်း အဆင့်မြင့်စမတ်ဖုန်းတစ်လုံးကို ဖြန့်ချိခဲ့ပေမယ့် ကျရှုံးခဲ့ပါတယ်။ Essential ဟာ၂၀၁၉ ခုနှစ်မှာ ဒုတိယမြောက်ဖုန်းကိုလည်း အမြည်းမိတ်ဆက်ခဲ့ပြီး Project Gem လို့ ခေါ်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဈေးကွက်ထဲကို မရောက်လာခဲ့ပါဘူး။

“ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် Gem ကိုထုတ်လုပ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ နောင်တရစွာနဲ့ပဲ ထုတ်ကုန်ကို သုံးစွဲသူတွေဆီ အရောက်မပို့နိုင်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ လုပ်ငန်းတွေ ရပ်တန့်ပြီး Essential ကိုပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ ကုမ္ပဏီက blog post မှာ ရေးသားခဲ့ပါတယ်။

Android တည်ထောင်သူ အန်ဒီရူဘင်ဟာ Google မှာအမှုဆောင်အဖြစ် လုပ်ကိုင်ခဲ့စဉ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ပတ်သက်ပြီး စွပ်စွဲခံခဲ့ရပါသေးတယ်။ Google က ရူဘင် ကုမ္ပဏီကထွက်ခွာဖို့ ဒေါ်လာသန်း ၉၀ ပေးခဲ့ပြီး စွပ်စွဲမှုကို ငြိမ်သက်သွားအောင် ပြုလုပ်ခဲ့ပါတယ်။ အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး ရူဘင်က ငြင်းဆိုခဲ့ပါတယ်။ သတင်းထွက်ပေါ်လာချိန်မှာ ၂၀၁၈ နိုဝင်ဘာလအတွင်း ကမ္ဘာတစ်ဝန်းက Google ဝန်ထမ်းတွေ ဆန္ဒပြခဲ့ကြပါတယ်။ Google စီမံခန့်ခွဲရေး စွပ်စွဲချက် ကိုင်တွယ်မှုအပေါ် ဝန်ထမ်း ၂၀,၀၀၀ ကျော်က လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

စိုးထက်
Ref: CNET