AMI စနစ်ဖြင့် မီတာဖတ်ရှုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေ

လျှပ်စစ်မီတာဖတ်ရာမှာ လက်ရှိတွင် စနစ်သုံးမျိုးနဲ့ ဖတ်ရှုနေပြီး Advanced Metering Infrastructure (AMI) စနစ်နဲ့ မီတာဖတ်ရှုနိုင်ရေးကို ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် အဆင့်ဆင့်ခွဲပြီး တပ်ဆင်အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြောကြားခဲ့ပါတယ်။

ဇူလိူင် ၂၈ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက်က ပြည်သူများသုံးစွဲခဲ့တဲ့ လျှပ်စစ်မီတာခများ တိကျစေရန်နှင့် မီတာဖတ်စာရေးများ မှန်မှန်ကန်ကန် ဖတ်ပြီး စာရင်းရေးသွင်းနိုင်ရန် မည်သို့စီစဉ်ဆောင်ရွက်နေသည်ကို သိလိုခြင်း နဲ့ စပ်လျဉ်းတဲ့ မေးခွန်းအပေါ် ဖြေကြားရာမှာ ဒုဝန်ကြီးက ထည့် သွင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

လျှပ်စစ်မီတာသုံးစွဲတဲ့ ယူနစ်တွေကို ဖတ်ယူတဲ့စနစ်မှာ လူကိုယ်တိုင် မီတာတစ်လုံးစီ ဖတ်ရှုမှတ်တမ်းတင်ခြင်း၊ အဝေးဖတ်ကိရိယာဖြစ်တဲ့ Hand Held Unit (HHU) ဖြင့် အလိုအလျောက် ဖတ်ယူ မှတ်တမ်းတင်တဲ့ စနစ်နဲ့ ဌာနရဲ့ ထိန်းချုပ်ခန်းရှိ ကွန်ပျူတာစနစ်မှ တစ်မြို့နယ်လုံးရှိ မီတာကို အချိန်တိုအတွင်း အားလုံးဖတ်ရှုတဲ့ စနစ်ဆိုပြီး စနစ်သုံးမျိုးနဲ့ မီတာယူနစ်ကို ဖတ်ယူကြောင်း ဒုဝန်ကြီးက ဖြေကြားပါတယ်။

ဒီလိုယူနစ်ဖတ်ရာမှာ လူကိုယ်တိုင်ဖတ်တ်တဲ့ မီတာများအတွက် မီတာစာရေးတစ်ဦးက မီတာအလုံး ၈၀၀ ဖတ်ရှုရန် တာဝန်ခွဲဝေချထားပြီး လူကိုယ်တိုင်ဖတ်ရှုပြီး အခြေအနေကိုလည်း မီးသုံးစွဲပြည်သူ များအား အသိပေးရန်လည်း မှာကြားထားပြီးဖြစ်ကြောင်း၊ ပြည်သူများမှလည်း မေးမြန်းလိုသည့် အချက်များရှိပါက ချက်ချင်း ရှင်းလင်းဖြေကြားသွားရန်နဲ့ ၎င်းကိုယ်တိုင် ဖြေမရပါက သက်ဆိုင်ရာရုံးရှိ သက်ဆိုင်ရာအင်ဂျင်နီယာများမှ ဆက်လက်တာဝန်ယူဖြေရှင်းပေးရန် အထူးတလည် မှာကြားထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဝေးဖတ်ကိရိယာဖြစ်တဲ့ HHU တဲ့ ဖတ်ရှုမှတ်တမ်းတင်ရတဲ့ Smart မီတာများ ကိုသုံးပြီး မီတာအလုံးပေါင်း ၃၀၀၀ လောက်ကို အလိုအလျောက် ဖတ်ရှုမှတ်တမ်း တင်နိုင်တဲ့အတွက် အချိန်ကုန်လည်း သက်သာသလို မီတာဖတ်စာရေးများရဲ့ လွဲမှားမှုများကြောင့် ဖြစ်ပေါ်လာတဲ့ အမှားတွေကိုလည်း ပယ်ဖျက်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ Smart မီတာများ ဝယ်ယူရေးအတွက် ခွင့်ပြုပြီး ဝယ်ယူရန်အတွက် ဆောင်ရွက်နေပြီဖြစ်သလို Smart Meter များ မပြည့်စုံသေးတဲ့အချိန်မှာ မီတာစာရေးများ၊ လယ်ဂျာစာရေးများကို လုပ်ငန်းလိုအပ်ချက်အရ လိုအပ်သလို တိုးမြှင့်ခန့်ထားပြီး စနစ်တကျဖတ်ရှုရန်အတွက်လည်း ဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။
Advanced Metering Infrastructure (AMI) စနစ်မှာ မိမိကိုင်ဆောင်နေတဲ့ လက်ကိုင်စမတ်ဖုန်းတွေနဲ့ လျှပ်စစ်မီးသုံးစွဲနေမှု အခြေအနေကို အချိန်မရွေး ကြည့်ရှုနိုင်တာဖြစ်ပြီး မီတာသုံးစွဲတဲ့ ယူနစ်ကိုလည်း ကြည့်ရှုနိုင်သလို မိမိ အသုံးပြုနေတဲ့ ဗို့အားပြည့်၊ မပြည့်ကိုလည်း ကြည့်ရှုနိုင်တာဖြစ်သလို မီတာက မသမာမှုပြုလုပ်မည်ဆိုပါကလည်း ထိုမီတာက ဖော်ပြနေကြောင်း၊ AMI စနစ်ကို လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်း ပန်းဘဲတန်းမြို့နယ်၊ ဒေါပုံမြို့နယ်နဲ့ တောင်ဥက္ကလာပမြို့နယ်များတွင် စမ်းသပ် အသုံးပြုနေပြီဖြစ်ကြောင်းသိရပါတယ်။

ပြည်သူအများသုံးစွဲခဲ့ကြတဲ့ လျှပ်စစ်မီတာခများ တိကျစေရေး အတွက် Smart Meter များ တပ်ဆင်ပြီး HHU ကိရိယာနဲ့ အချိန်တိုအတွင်း လျင်မြန်စွာ ဖတ်ရှုမှတ်တမ်းတင်နိုင်ရေး၊ AMI စနစ်ကိုလည်း ပြည်နယ်နှင့် တိုင်းဒေသ ကြီးများအလိုက် အဆင့်ဆင့်ခွဲပြီး တပ်ဆင်အသုံးပြုနိုင်ရန် မီတာဖတ်စာရေးများ လျှော့ချပြီး လူကြောင့် ဖြစ်ပေါ်လာတဲ့ အားနည်းချက်များ လျော့နည်းပပျောက်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း ထည့်သွင်း ဖြေကြားခဲ့ပါတယ်။

-ကျော်ဇေယျ