Google မိခင်ကုမ္ပဏီ Alphabet Inc ဟာ ကာလရှည်ကြာ အမှုဆောင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ အဲရစ်ရှမစ်နေရာမှာ ဝါရင့်ဘုတ်အဖွဲ့ဝင် ဂျွန်ဟန်နက်စီနဲ့ အစားထိုးခဲ့ပါတယ်။ ဂျွန်ဟန်နက်စီဟာ စတန်းဖို့ဒ်တက္ကသိုလ်ဥက္ကဋ္ဌဟောင်း ဖြစ်ပြီး Google ကို ပထမဆုံး စမ်းသပ်သုံးစွဲသူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။
အသက် ၆၅ နှစ်အရွယ်ရှိ ဂျွန်ဟန်နက်စီဟာ ဆီလီကွန်တောင်ကြားလောကမှာ ချစ်ပ်ဒီဇိုင်းပိုင်းနဲ့ deep connections အပိုင်း ကျွမ်းကျင်သူလည်းဖြစ်ပါတယ်။ Google အနေနဲ့ အများပိုင်ကုမ္ပဏီအဖြစ် မပြောင်းလဲခင် ၂၀၀၄ ခုနှစ် လအနည်းငယ်အတွင်း ဟန်နက်စီဟာ ဘုတ်အဖွဲ့ဝင်ဖြစ်လာပါတယ်။ ဆာဂျီဘရင်နဲ့ လယ်ရီပေ့ခ်ျတို့က ကျောင်းသားတွေအဖြစ်နဲ့ Google ကိုအကောင်အထည်ပေါ်အောင် ဆောင်ရွက်နေချိန်မှာ ဂျွန်ဟန်နက်စီဟာ စတန်းဖို့ဒ်ရဲ့ အင်ဂျင်နီယာကျောင်းမှာ တက္ကသိုလ် မဟာဌာနမှူးအဖြစ် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ဂျွန်ဟန်နက်စီဟာ ဆာဂျီဘရင်နဲ့ လယ်ရီပေ့ခ်ျတို့ရဲ့ နည်းပညာကို အစောပိုင်းစမ်းသပ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ အမှုဆောင်ဥက္ကဋ္ဌ ရာထူးသစ်နဲ့ ခန့်အပ်ခံရမှုနဲ့ ပတ်သက်ပြီး ဂုဏ်ယူမိတယ်လို့ ဂျွန်ဟန်နက်စီက ပြောကြားသွားခဲ့ပါတယ်။
Google လို့အမည်ရတဲ့ startup ကုမ္ပဏီတည်ဆောက်လာချိန်မှာ အဓိက နေရာကနေ ပါဝင်ခဲ့တဲ့ အဲရစ်ရှမစ်ဟာ ၁၇ နှစ်တိုင်တိုင် တာဝန်ယူခဲ့တဲ့ ဥက္ကဋ္ဌရာထူးကနေ ဇန်နဝါရီလအတွင်း နုတ်ထွက်ခဲ့ပါတယ်။ အဲရစ်ရှမစ်အနေနဲ့ ဘုတ်အဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေပြီး ကုမ္ပဏီရဲ့ နည်းပညာပိုင်းနဲ့ သိပ္ပံဆိုင်ရာ ကိစ္စတွေကို အကြံပေးသွားဦးမှာ ဖြစ်ပါတယ်။
ဥပဒေပြုလုပ်သူတွေ၊ တစ်ကိုယ်ရေလုံခြုံရေးနဲ့ ပတ်သက်တဲ့ ဝေဖန်သူတွေနဲ့ အခြားအဖွဲ့တွေက Google အနေနဲ့ ဒီဂျစ်တယ်ခေတ်ထဲမှာ လူတစ်ဦးနဲ့တစ်ဦး ချိတ်ဆက်မိအောင် ထိန်းချုပ်ထားနိုင်မှုအပေါ် စိုးရိမ်နေကြပါတယ်။ အဲဒီအချိန်မှာပဲ ဟန်နက်စီဟာ ဥက္ကဋ္ဌရာထူးကို စတင် တာဝန်ယူရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် YouTube အပေါ်မှာ အစွန်းရောက်ဗီဒီယိုနဲ့ ခွင့်ပြုထားမှုနဲ့ Google ရှာဖွေမှုရလဒ်တွေက သတင်းမှားတွေ ဖော်ပြပေးတာ စတာတွေကို လူတွေက ဝေဖန်နေကြပါတယ်။
စိုးထက်
Ref: Reuters