ALIEN ISOLATION

game_review_15-42.jpg

၁၉၇၉ မှာ ထွက်ရှိခဲ့တဲ့ Director James Ridley Scott ရဲ့ ALIEN ရုပ်ရှင်ဟာ လူကြိုက်အများဆုံး Science Fiction Thriller ရုပ်ရှင်အနေနဲ့ရော Classic ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ်ပါ ယနေ့ထက်တိုင် ရပ်တည်နေတာ တွေ့ရမှာဖြစ်သလို ALIEN ရုပ်ရှင်တွေထဲက Alien Xenomorph တွေရဲ့ ဇာတ်ကောင်ဒီဇိုင်းဟာလည်း စတင်ပေါ်ပေါက်လာချိန်မှ ယနေ့ရုပ်ရှင်၊ video game နှင့် comic book လောကမှာ လူကြိုက်အများဆုံး ဇာတ်ကောင်တွေအဖြစ် ဆက်လက်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ALIEN ဂိမ်းတွေဟာ Atari 2600 နဲ့ Nintendo (NES) ဂိမ်းစက်တွေမှာ အဓိကစတင်ထွက်ရှိခဲ့ပြီးနောက်မှာ PC, PS3 နှင့် Xbox360 ဂိမ်းစက်အပြင် Nintendo DS ဂိမ်းစက်တွေနဲ့ mobile platform တွေမှာပါ ပုံမှန်ထွက်ရှိလာတာ Alien သီးသန့်ဂိမ်းနှင့် Predator များပါဝင်တဲ့ ဂိမ်းတွေကို ပေါင်းလိုက်ရင် ဂိမ်းပေါင်း ၂၀ ကျော်ရှိနေပါပြီ။ Alien: Isolation ကတော့ PS4 နှင့် Xbox One တို့လို Eight Generation Console တွေအတွက် ပထမဦးဆုံးဂိမ်းပဲ ဖြစ်ပါတယ်။

ပထမ Alien ရုပ်ရှင်ကတော့ သည်းထိတ်ရင်ဖိုပုံစံ Horror Thriller ရုပ်ရှင်ဖြစ်ပေမယ့် နောက်ပိုင်း ဇာတ်ကားတွေကတော့ Science Fiction Action အသားပေး တိုက်ခိုက်ခန်းတွေ များပါတယ်။ Action နှင့် First Person Shooter ဂိမ်းတွေများပြီး Aliens VS Predator၊ Aliens: Infestation နှင့် ၂၀၁၃ မှာ Aliens: Colonial Marines လို ဂိမ်းတွေ ဆက်တိုက် ထွက်ခဲ့ပြီးတော့ 2014 မှာ အသစ်ထွက်လာတဲ့ Alien: Isolation ဂိမ်းသစ်ကတော့ အရင်လို ဂိမ်းမျိုးတွေ မဟုတ်တော့ဘဲ တစ်ဂိမ်းလုံးမှာ Alien Xenomorph ဂြိုဟ်သားတစ်ကောင်တည်းသာ ပါဝင်တဲ့ စိတ်ဝင်စားစရာ Stealth နှင့် Survival Horror ဂိမ်းတစ်ခုဖြစ်နေတာ
တွေ့ရမှာပါ။ Alien: Isolation ရဲ့ storyline ဟာ ALIEN ရုပ်ရှင်အပြီး  ၁၅ နှစ်အကြာနဲ့ ALIENS ရုပ်ရှင်မတိုင်ခင် ၄၂ နှစ်အကြာမှာ နေရာယူထားပါတယ်။ ALIEN ရုပ်ရှင်တွေရဲ့ distributor ဖြစ်တဲ့ 20th Century FOX ရဲ့ ခွင့်ပြုချက်အရ ALIEN နှင့် ALIENS ရုပ်ရှင်နှစ်ကားကြားက အဖြစ်အပျက်တွေအဖြစ် ဇာတ်လမ်းဆင်ထားပြီး ALIEN အဖြစ်အပျက်များအပြီး ပျောက်ဆုံးနေတဲ့မိခင်Ellen Ripley ကို ရှာဖွေနေသူ သမီး Amanda နေရာကနေ ကစားရမှာဖြစ်ပါတယ်။ Amanda အနေနဲ့ Ellen Ripley ရဲ့ အာကာသယာဉ် Nostromo မှ မှတ်တမ်းတွေကို ရှာဖွေပြီး သူမရဲ့မိခင်ကို တွေ့နိုင်ဖို့ သဲလွန်စရှာဖို့ကြိုးစားရာမှ Flight Recorder ရှိရာ Sevastopol အာကာသစခန်းသို့အသွား Alien Xenomorph ကြီးနှင့် ရင်ဆိုင်ရပုံမှ ကစားရမှာ ဖြစ်ပါတယ်။

Sevastopol စခန်းပေါ်မှာ Amanda ရင်ဆိုင်ရမှာက Alien တစ်ကောင်တည်းမဟုတ်ဘဲ ယာဉ်ပေါ်က စိတ်မနှံ့တော့တဲ့ လူသားရန်သူတွေ၊ စက်ပိုင်းဆိုင်ရာဖောက်ပြန်ပြီး လူတိုင်းကို လိုက်သတ်ဖို့ကြိုးစားနေတဲ့ Working Joes Android စက်ရုပ်တွေနဲ့လည်း ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဓိက သတိထားရမယ့်ရန်သူကတော့ Alien ကြီးပဲဖြစ်ပြီး အခြားရန်သူတွေနဲ့ တိုက်ခိုက်နေစဉ် ဆူညံသံကြားတာနဲ့ Amanda ဆီကို အရောက်ပြေးလာမှာ ဖြစ်ပါတယ်။ Chapters တစ်ခုနဲ့တစ်ခု အကူးအပြောင်း အချို့ဇာတ်လမ်းပိုင်းအခန်းတွေက လွဲပြီးတော့ Alien နဲ့ တွေ့ရမယ့်ပုံစံအားလုံးက ကြိုတင်စီစဉ်ရေးဆွဲထားတဲ့ Scripted event
တွေမဟုတ်ဘဲ Alien အနေနဲ့က တံခါးတွေ၊ လေဝင်လေထွက်ပေါက် Air Vent တွေကနေ တစ်ဆင့်သွားလာနေမှာဖြစ်ပါတယ်။ ဆက်စပ်တွေးခေါ်နိုင်တဲ့ A.I စနစ်လည်း ပါဝင်ထားပြီး ပြန်သတ်လို့လည်းမရလို့ တစ်ဂိမ်းလုံး ရင်တထိတ်ထိတ်နဲ့ ကစားရမှာပါ။

Amanda ရဲ့ ခြေသံနဲ့အော်သံမျိုးစုံကိုလိုက်ပြီး ဘယ်မှာရှိလည်း၊ ဘယ်ကိုသွားနေလည်း မှန်းဆကာ ကစားရမယ့် Stealth ပုံစံဖြစ်လို့ Headphone နားကြပ်နဲ့ ကစားရင်ပိုကြောက်ဖို့ကောင်းပြီး အရသာရှိမှာဖြစ်သလို gameplay ပိုင်းအတွက်လည်း အသုံးဝင်မှာဖြစ်ပါတယ်။ Alien အနေနဲ့ တံခါးပွင့်နေတာမြင်ရင် ဘယ်ဘက်ကို ဆက်သွားတာလား၊ ပုန်းနေနိုင်လား အစရှိတဲ့ စဉ်းစားနိုင်တဲ့ ဉာဏ်ပါဝင်သလို အသက်ရှုသံကိုပါ နားထောင်နိုင်လို့ locker တွေထဲဝင်ပုံးနေရင် အသက်အောင့်ပြီး ပုန်းရတဲ့ပုံစံမျိုးတွေပါ ထည့်သွင်းပေးထားပါတယ်။ နောက်ပိုင်းမှာ Flamethrower လိုမျိုး လက်နက်တွေသုံးပြီး ခဏတဖြုတ် ထွက်ပြေးအောင်
မောင်းထုတ်နိုင်ပေမယ့် Weapon မပစ်နိုင်အောင် နောက်ကအမြှီးနှင့်ထိုးတာတို့၊ နံရံပေါ်ကနေ ခုန်ချပြီး တိုက်ခိုက်တာတို့ အစရှိတဲ့ လှုပ်ရှားမှုတွေ အသုံးပြုလာမှာဖြစ်လို့ လက်နက်တစ်မျိုးတည်းကို ဆက်တိုက်မသုံးဘဲ ကစားသင့်တာတွေ့ရပါတယ်။ Alien ဘယ်မှာရှိလည်းဆိုတာကို ရုပ်ရှင်တွေထဲကလို motion tracker လေးသုံးပြီး လိုက်ရှာနိုင်ပေမယ့် radar ပေါ်မှာ အဖြူလုံးလေးအနေနဲ့ပဲ ပြလို့ အပေါ်မှာလား၊ အောက်မှာလား၊ ဒါမှမဟုတ် ဘယ်ဘက်ကို မျက်နှာမူထားလည်းဆိုတာတွေကိုတော့ ကြိုသိနိုင်မှာ မဟုတ်ပါဘူး။ အခြား Weapons တွေအနေနဲ့က Flashbang လိုမျိုး လက်နက်တွေအပြင် Shotgun လိုမျိုးသေနတ်တွေအထိ ရနိုင်ပေမယ့် သေနတ်သံထွက်လာရင်တောင် Alien ကြီး ရောက်လာမှာစိုးလို့ အခြား Androids ရန်သူတွေနဲ့တွေ့ရင်တောင် သတိထားသုံးရမှာ ဖြစ်ပါတယ်။ ၂၅ နာရီကျော်ကြာ အားရပါးရ (သို့မဟုတ်) ကြောက်ကြောက်လန့်လန့် ကစားရမယ့် Singleplayer Campaign နဲ့အတူ Survivor Mode အမည်ရ Alien ကို တိမ်းရှောင်ရင် အချိန်ဘယ်လောက်အကြာကြီး အသက်ရှင်နေနိုင်လည်းဆိုတာကို စံချိန်တင်နိုင်အောင်ကြိုးစားရမယ့် game mode ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Pre-order bonus DLC အဖြစ်လည်း Ripley နှင့် ALIEN ရုပ်ရှင်မှ ဇာတ်ကောင်တွေကို ရွေးချယ်ပြီး ပထမဇာတ်ကားမှ ဇာတ်ဝင်ခန်းပုံစံဖန်တီးထားတဲ့ level design တွေမှာ ကစားရမယ့် DLC missions တွေလည်း ပါဝင်ပါတယ်။

Alien: Isolation ဂိမ်းဟာ အရင်ထွက်ထားတဲ့ Aliens ဂိမ်းတွေနဲ့လည်း ပုံစံကွဲပြားပြီး တစ်ဂိမ်းလုံးကို ရန်သူတွေ မမြင်အောင် Stealth ပုံစံမျိုး ကစားရသလို ရန်သူကိုလည်း Alien တစ်ကောင်တည်း အဓိက ပါတာတောင် ကစားရတာ မအီသွားဘဲ စိတ်ဝင်စားဖို့ကောင်းအောင် Developer The Creative Assembly က ဖန်တီးပေးထားနိုင်တာတွေ့ရပါတယ်။
-နေအောင်လတ် (mmgamers.com)