Alexa အထောက်အပံ့ပါဝင်တဲ့ Aire ဒရုန်းကို Kickstarter တွင် မိတ်ဆက်

ဒရုန်း start-up ကုမ္ပဏီ Aevena ဟာ feature များစွာပါဝင်တဲ့ Aire ဒရုန်းထုတ်ကုန်အတွက် Kickstarter မှာ ရန်ပုံငွေရှာဖွေနေပါတယ်။
Aire ဒရုန်းဟာ အလိုအလျောက်ပျံသန်းနိုင်ပြီး အသံနဲ့ထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် ညဘက်မှာ ရိုက်ကူးနိုင်တဲ့ 4K ကင်မရာနဲ့ လုံခြုံရေး feature တချို့လည်း ပါဝင်လာပါတယ်။ သုံးစွဲသူရဲ့ဖုန်းပေါ်က ဒရုန်း app ကိုအသုံးပြုပြီး နေအိမ်မှာ ဖြစ်ပျက်နေသမျှကို ကြည့်နိုင်ပါသေးတယ်။

ဒရုန်းကင်မရာနဲ့ ဓာတ်ပုံရိုက်ကူးဖို့ အသံနဲ့ထိန်းချုပ် အမိန့်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် ဒရုန်းကိုဆွဲယူပြီး နေရာအတည်တကျနဲ့ ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ ဓာတ်ပုံရိုက်ကူးပြီးတာနဲ့ Aire က အလိုအလျောက် တည်ငြိမ်အောင်ထိန်းချုပ်ပြီး ဆက်လက်ပျံသန်းသွားမှာ ဖြစ်ပါတယ်။

အလိုအလျောက်ပျံသန်းနိုင်တဲ့ ဒရုန်းနည်းပညာက အသစ်မဟုတ်ပေမယ့် Aire မှာ လုံခြုံရေး feature တွေ၊ Alexa စတဲ့အရာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ထူးခြားတဲ့ ထုတ်ကုန်တစ်ခု ဖြစ်လာစေပါတယ်။

Aire ဒရုန်းဟာ ဖန်တီးနေဆဲ ရှေ့ပြေးပုံစံသာရှိသေးကာ ပြီးပြည့်စုံတဲ့အဆင့်ကို မရောက်သေးပါဘူး။ Aire ကို ဖန်တီးတဲ့ Aevena ကုမ္ပဏီက အဲဒီထုတ်ကုန်အတွက် စုစုပေါင်း ရန်ပုံငွေ ဒေါ်လာ ၅၀,၀၀၀ ရှာဖွေနေတယ်လို့ Kickstarter မှာဖော်ပြထားပါတယ်။

Aire ဒရုန်းရဲ့ Beta မော်ဒယ်ကို ဒေါ်လာ ၆၉၉ နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ အပြီးသတ် Aire ဒရုန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ တင်ပို့ရောင်းချတဲ့အချိန်မှာ ၇၄၉ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: Techspot