Alexa နဲ့ Google Assistant မလိုတဲ့ စမတ်စပီကာသစ်သုံးမျိုးကို Baidu မိတ်ဆက်

တရုတ်နိုင်ငံရဲ့ အင်တာနက် ကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်တဲ့ Baidu ဟာ အမေရိကန်က Google နဲ့ Amazon တို့လိုပဲ smart assistant ဈေးကွက်ကို လွှမ်းမိုးဖို့ ကြိုးပမ်းနေပါတယ်။

အခုဆိုရင် Baidu က အဓိကလုပ်ဆောင်ချက်တွေ မတူညီတဲ့ စမတ်စပီကာသစ် သုံးမျိုးကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီ စမတ်စပီကာသုံးမျိုးက မီးအိမ်တစ်ခု၊ မျက်နှာကျက်တပ် projector တစ်ခုနဲ့ Echo Show ပုံစံ screen တစ်ခုတို့ ဖြစ်ပါတယ်။

Smart screen ကို Little Fish VS1 လို့ခေါ်ပါတယ်။ ဒါဟာ မူရင်း Little Fish ရဲ့ အရွယ်သေးငယ်တဲ့ဗားရှင်းဖြစ်ပါတယ်။ VS1 က သပ်ပုံစံဖြစ်ပြီး ထိပ်ဘက်မှာ screen ပါဝင်ကာ အောက်ဘက်မှာတော့ စပီကာကိုထည့်သွင်းထားပါတယ်။ အဖြူရောင်၊ အနက်ရောင်၊ အနီရောင်၊ အစိမ်းရောင်တို့နဲ့ ရရှိနိုင်ပါတယ်။ ဒီ စမတ်စပီကာကို မတ်လမှာ တရုတ်နိုင်ငံအတွင်း ရောင်းချသွားဖို့ စီစဉ်ထားပါတယ်။

Baidu ရဲ့ နောက်ထုတ်ကုန်တစ်ခုက Sengled လို့ခေါ်တဲ့ စမတ်မီးအိမ်/စပီကာ ဖြစ်ပါတယ်။ စမတ်စပီကာတစ်ခုရဲ့ လုပ်ဆောင်ချက်အားလုံးအတိုင်း လုပ်ဆောင်နိုင်ပြီး စမတ်မီးအိမ်တစ်ခု ဖြစ်တာကြောင့်လည်း အရောင်တွေကို ပြောင်းလဲနိုင်ပါတယ်။

တတိယမြောက်ထုတ်ကုန်ကတော့ PopIn Aladdin ဖြစ်ပါတယ်။ Aladdin ဟာ တစ်မူထူးခြားတဲ့ စပီကာတစ်ခု ဖြစ်ပြီး မျက်နှာကျက်မှာ တပ်ဆင်ကာ မီးအိမ်၊ စမတ်စပီကာနဲ့ projector အဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီစမတ်စပီကာကို ဂျပန်နိုင်ငံမှာ ဇူလိုင်လအတွင်း ရောင်းချသွားမှာဖြစ်ပါတယ်။

ဒီထုတ်ကုန်အားလုံးမှာ Baidu ရဲ့ DuerOS ဗားရှင်းသစ်ဖြစ်တဲ့ DuerOS 2.0 ကို အသုံးပြုထားပါတယ်။

ဒီစမတ်စပီကာတွေကို အမေရိကန်ဈေးကွက်ထဲ ဖြန့်ချိမယ့်အချိန်ကိုတော့ Baidu က မပြောကြားခဲ့ပါဘူး။

-နောင်နောင်
Ref: TheVerge