Alexa စနစ်ပါဝင်တဲ့ စမတ်မျက်မှန်ကို Amazon ဖန်တီးနေ

Amazon ဟာ ကုမ္ပဏီရဲ့ Alexa voice assistant အသုံးပြုထားတဲ့ မျက်မှန်ကို ဖန်တီးနေတယ်လို့ Financial Times ကဖော်ပြခဲ့ပါတယ်။ အဲဒီမျက်မှန်ဟာ ဝတ်ဆင်ထားသူနဲ့ အပြန်အလှန် ဆက်သွယ်နိုင်သလို ဖုန်းနဲ့ ချိတ်ဆက်နိုင်မယ်လို့ ဆိုပါတယ်။

Alexa ဟာ အသံနဲ့ အမိန့်ပေးခိုင်းစေမှုတွေကို အသံနဲ့ပဲတုံ့ပြန်တဲ့စနစ်ဖြစ်ပါတယ်။ Bone-conduction အသံစနစ်ကြောင့် Alexa ကိုနားဆင်ဖို့အတွက် နားကြပ်ဝတ်ဆင်ဖို့ မလိုဘူးလို့ သိရပါတယ်။

Amazon ရဲ့မျက်မှန်ဟာ Google Glass လုပ်ဆောင်ချက်နဲ့ ဆင်တူဖွယ်ရှိပြီး Google Glass လိုပဲ ရှာဖွေလိုတဲ့ သတင်းအချက်အလက်တွေကို ပြသပေးနိုင်ဖွယ်ရှိပါတယ်။

ဒါ့အပြင် Amazon ဟာ အခြားထုတ်ကုန်တွေနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် လုံခြုံရေးကင်မရာတစ်မျိုးကိုလည်း ဖန်တီးနေတယ်လို့ ဆိုပါတယ်။ Amazon အနေနဲ့ မျက်နှာပြင်တစ်ခုပါဝင်ပြီး video call တွေခေါ်ဆိုနိုင်တဲ့ Echo Show ကိုမိတ်ဆက်ထားပါတယ်။ Echo Show ပေါ်မှာ လုံခြုံရေးကင်မရာက မြင်ကွင်းကို ကြည့်ရှုနိုင်ဖွယ်ရှိပါတယ်။

၂၀၁၇ ခုနှစ်မကုန်ခင်မှာ Amazon အနေနဲ့ မျက်မှန် ဒါမှမဟုတ် လုံခြုံရေးကင်မရာစတဲ့ ထုတ်ကုန်တစ်မျိုး ဒါမှမဟုတ် နှစ်မျိုးစလုံးကို မိတ်ဆက်မယ်လို့ Financial Times သတင်းရင်းမြစ်တွေက ဆိုခဲ့ပါတယ်။ ဒါ့အပြင် အဆင့်မြှင့်တင်ထားတဲ့ Echo ထုတ်ကုန်သစ်ကိုလည်း မိတ်ဆက်ဖွယ်ရှိတယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheNextWeb