AGD GO Application ကို မိတ်ဆက်

AGD ဘဏ်မှ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို ပိုမိုလွယ်ကူချောမွေ့စေမယ့် တက်ဘလက်အခြေပြု ဘဏ်ဝန်ဆောင်မှုဖြစ်တဲ့ AGD GO Application ကို မိတ်ဆက် လိုက်ပါတယ်။

AGD ဘဏ်ရဲ့ Chief Business Officer ဖြစ်သူ ဦးပြည်စိုးထင်မှ “ကျွန်တော်တို့ဟာ အမြဲတမ်း အကောင်းဆုံးသော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေကိုပဲ ပေးစွမ်းခဲ့တာ ဖြစ်သလို ကျွန်တော်တို့ရဲ့ မြန်မာပြည်သူ ပြည်သားများအတွက် အကောင်းမွန်ဆုံး ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ပေးနိုင်ရန် ဆိုတဲ့ ရပ်တည်ချက်နဲ့ အညီ ကျွန်တော်တို့ တန်ဖိုးထားရတဲ့ Customer တွေအတွက် ပိုပြီး အဆင်ပြေ၊ချောမွေ့ လွယ်ကူသွားစေဖို့ ရိုးပေမဲ့ ဆန်းတဲ့ AGD GO App လေးကို မိတ်ဆက်ပေးနိုင်ခဲ့ပါပြီ။ ဒီ Application စပြီး အသက်ဝင်ချိန်ကနေစလို့ ဘဏ်တွေမှာ စာရွက်အသုံးပြုမှုတွေကို လျှော့ချသွားနိုင်မှာဖြစ်ပြီး လူတန်းအရှည်ကြီးကို စောင့်ဆိုင်းနေရတဲ့ ကိစ္စတွေ လျော့သွားမှာ ဖြစ်ပါတယ်။ ဒါဟာ COVID-19 ကာလအတွင်း အရေးအကြီးဆုံးဖြစ်တဲ့ ခပ်ခွာခွာနေခြင်းကို လက်တွေ့ ကျင့်သုံးရာလည်း ကျသလို အချင်းချင်း ထိတွေ့မှု အတတ်နိုင်ဆုံး နည်းအောင် နေရမယ်ဆိုတာကို လိုက်နာနိုင်ဖို့လည်း အလေးပေး စဉ်းစားထားတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

AGD GO ဟာ Customer Service အတွက် ပိုပြီး ကောင်းမွန်လာစေမှာဖြစ်သလို ပိုပြီး ထိရောက်မှု ရှိစေမှာဖြစ်ကြောင်း၊တစ်နိုင်ငံလုံး ရှိ ဘဏ်ခွဲ ၇၇ ခုကို လာရောက်ပြီး ဝန်ဆောင်မှု ရယူနေသူတွေအတွက် အချိန်ကုန်၊ လူပင်ပန်း သက်သာစေမှာဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

Application အသစ်မှာ ဘဏ်လုပ်ငန်းအခြေခံအဆောက်အဦးတွေရဲ့ ရေရှည်တည်တံ့မှုကို မြင့်တက်စေပြီး ထိရောက်သော လုပ်ငန်းစဉ်များမှ ယခင်ကကဲ့သို့ Desktop ကွန်ပျူတာများကို အဓိက အားကိုးနေရခြင်းကြောင့် ဘဏ်ခွဲများတွင် လူစုမိခြင်းကို သိသာထင်ရှားစွာ လျှော့ချပေးနိုင်မှာဖြစ်ကြောင်း၊ ငွေသားထည့်သွင်းခြင်း၊ ငွေသားထုတ်ယူခြင်း၊ ငွေလက်ကျန် စစ်ဆေးခြင်းနဲ့ အသေးစား ထုတ်ပြန်ချက်များ၊ အစီရင်ခံစာများကို ကြည့်ရှုခြင်းများစတဲ့ ဝန်ဆောင်မှုတွေအားလုံးကို “AGD GO” မှတစ်ဆင့် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း အဆိုပါ Application ကို နောက်ပိုင်းတွင် AGD ငွေစာရင်းများကြား ငွေလွှဲပြောင်းခြင်း၊ စာရင်းဖွင့်ခြင်း၊ ဘဏ်အချင်းချင်းငွေလွှဲခြင်း စသည်တို့တွင်လည်း အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

ဘဏ်ခွဲတစ်ခုသို့ Customer တစ်ဦး ရောက်ရှိလပါက ဝန်ထမ်းမှ “AGD GO” Application ကို အသုံးပြုပြီး ငွေလွှဲခြင်း (သို့) ရယူလိုတဲ့ ဝန်ဆောင်မှုများအတွက် လိုအပ်တဲ့ အချက်အလက်တွေကို ဖြည့်သွင်းမှာဖြစ်ပြီး မကြာခင် အချိန်တွင် Customer ရဲ့ မှတ်ပုံတင်ထားတဲ့ ဖုန်းထဲသို့ တစ်ခါသုံး Password (OTP) ဝင်ရောက်လာမှာဖြစ်ပြီး လုံခြုံရေးစနစ်အရ ဝန်ထမ်းမှလည်း ၎င်းရဲ့ လျှို့ဝှက်နံပါတ်ကို ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ငွေလွှဲ၊ ငွေယူပြီးတဲ့နောက် လက်ခံဖြတ်ပိုင်းကို Bluetooth Printer နဲ့ ထုတ်ပေးမှာဖြစ်ပြီး Customer အနေနဲ့ လက်ခံဖြတ်ပိုင်းကို ရရှိပြီးနောက် ငွေလွှဲခြင်း၊ ငွေယူခြင်းတို့ကို ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။

-အောင်သူ