Acer Swift 5 (Intel 11th Gen, 2020)

ဈေးနှုန်း– ကန်ဒေါ်လာ ၁၂၉၉

အားသာချက်

မယုံနိုင်စရာ ကောင်းလောက်အောင် ပေါ့ပါးမှုရှိတဲ့ ကိုယ်ထည်ဒီဇိုင်းက အထူးဆွဲဆောင်မှု ရှိသလို မြန်ဆန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ပျှမ်းမျှရှိသင့်တာထက် ပိုကြာကြာသုံးနိုင်တဲ့ ဘက်ထရီစနစ်၊ Thunderbolt 4 ပေါက်နဲ့ သင့်တင့်မျှတတဲ့ ဈေးနှုန်းတွေက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

စပီကာပိုင်းမှာ အားရကျေနပ်လောက်စရာ မရှိသလို ခံစားရပြီး ကီးဘုတ်အနေနဲ့ အသုံးပြုရတာ အဆင်ပြေပေမယ့် သူ့ရဲ့ ကီးတချို့ကို တပ်ဆင်ထားတဲ့ layout ပိုင်းကတော့ သုံးရတာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာပါ။ နောက်ပြီး လိုအပ်တာထက် ပိုတဲ့ bloatware တွေပါဝင်တာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

Acer Swift 5 က Touchscreen Display နဲ့ လာပေမယ့် 2-in-1 အနေနဲ့ Tablet PC လို ခေါက်သုံးနိုင်တဲ့ Laptop အမျိုးအစား မဟုတ်ပါဘူး။ ဒါပေမဲ့ အထူးဆွဲဆောင်နိုင်တဲ့ ဒီဇိုင်း၊ ပေါ့ပါးမှု၊ ဘက်ထရီစနစ်၊ ကျေနပ်စရာကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ ပေးရတဲ့ ဈေးနှုန်းအရ သုံးရတာ တန်တယ်လို့ ခံစားရမယ့် Laptop တစ်လုံး ဖြစ်ပါတယ်။ cursor ခလုတ်တွေက pageup နဲ့ page down ခလုတ်တွေနဲ့ ပူးတွဲ ထည့်ထားတဲ့အတွက် အနည်းငယ်သုံးတဲ့အခါ ထိမိပြီး စိတ်အနှောင့်အယှက် ဖြစ်နိုင်တာကလွဲရင် အသုံးပြုနိုင်တာကောင်းမွန်တဲ့ ကီးဘုတ်စနစ်၊ ကြီးမားတဲ့ Touchpad နဲ့ လက်ဗွေလုံခြုံရေးစနစ်တွေလည်း ထောက်ပံ့ပါဝင်တဲ့ Laptop တစ်လုံး ဖြစ်ပါတယ်။ အသံထွက်ပိုင်းက သိပ်အားမရသလို ခံစားရပေမယ့် သူ့မှာ Thunderbolt 4 ပေါက် ထည့်သွင်းပေးထားတာက နည်းပညာအသစ်အဆန်း ပါလာတာ ကြိုက်သူတွေကို နှစ်သက်စေမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ဒေါ်လာ ၁၀၀၀ ဝန်းကျင် Touchscreen နဲ့သုံးနိုင်တဲ့ Ultraportable Laptop ကို သုံးချင်တယ် ဆိုရင်တော့ ဒီဇိုင်းလှပပြီး စွမ်းဆောင်ရည် မြင့်မားကောင်းမွန်တဲ့ Intel 11th Gen CPU နဲ့ GPU စနစ်တွေ ထောက်ပံ့ပါဝင်တဲ့ Acer Swift 5 (2020) က ထိပ်တန်းရွေးချယ်သင့်တဲ့ Laptop တစ်လုံးပဲ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Acer Swift 5 ရဲ့ ၁၄ လက်မရှိတဲ့ Touchscreen Display က ရုပ်ထွက်အရည်အသွေး 1920x1080p ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီ laptop မှာ Intel Core i7-1165G7 Processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel Iris Xe GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 1TB SSD တွေ ပါဝင်ပါတယ်။ Geekbench 5.2 Overall စွမ်းဆောင်ရည် ရမှတ် ၅၈၉၅ (multi-core) ရှိပြီး မြင့်မားတဲ့ စွမ်းဆောင်ရည်ရှိတယ်လို့ ဆိုရမှာ ဖြစ်ပေမယ့် ၅၉၆၂ ရမှတ်ရှိတဲ့ Macbook Air (M1 2020) ကိုတော့ မမီသေးဘူးလို့ ဆိုရမှာပါ။ ဒါပေမယ့် ၄၇၉၁ ရမှတ်ရှိတဲ့ Surface Laptop 3 ထက် ပိုကောင်းသလို ပျှမ်းမျှရှိသင့်တဲ့ ၄၁၇၈ ရမှတ်ထက် များတဲ့ စွမ်းဆောင်ရည် ရမှတ်လို့ သတ်မှတ်လို့ရပါတယ်။ ကိုယ်ထည်အောက်ဘက်က စပီကာနှစ်လုံးရဲ့ ဘေ့စ်အသံထွက်ပိုင်းက ပုံမှန်အတိုင်းနားထောင်မှုက သိပ်အားမရဘူးလို့ ဆိုရမှာဖြစ်ပြီး သင့်အနေနဲ့ ဘေ့စ်သံထွက်ပိုင်းကောင်းကောင်းနဲ့ နားထောင်ချင်ရင်တော့ ကြိုးမဲ့နားကြပ်နဲ့ စပီကာတွေ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ဒီ Laptop ရဲ့ webcam ကင်မရာကလည်း အဆင်ပြေကောင်းမွန်မှု ရှိတယ်လို့ ဆိုရမှာပါ။ ၄.၁x၂.၆ လက်မရှိတဲ့ ကြီးမားတဲ့ Trackpad က တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်ပြီး Windows 10 guestures စနစ်တွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ ဒီ Laptop ရဲ့ ဘယ်ဘက်ဘောင်ထဲမှာ အားသွင်းပေါက်၊ HDMI 2.0 ပေါက်၊ USB ‌3.2 (Gen.1) ပေါက်၊ USB Type-C Thunderbolt 4 ပေါက် ပါဝင်ပြီး ညာဘက်ဘောင်ထဲမှာ မိုက်စနစ်နဲ့ နားကြပ်စနစ် ပေါင်းစပ်ထားတဲ့ combo ပေါက်၊ USB 3.2 (Gen.1) ပေါက်နဲ့ Kensington lock ပေါက်တွေ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ လက်ဗွေလုံခြုံရေးစနစ်ကလည်း မြန်ဆန်ကောင်းမွန်မှု ရှိပါတယ်။

Acer Swift 5 ကို မြင်ကွင်းတောက်ပမှု150 nits နဲ့WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁၃ နာရီနဲ့ ၃၇ မိနစ်ခန့် အသုံးပြုနိုင်တာက ကျေနပ်စရာပါ။ အလေးချိန်ကတော့ ၁.၀၄ ကီလိုဂရမ် (၂.၃ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««