A11 Bionic ပရိုဆက်ဆာ၊ ကြိုးမဲ့အားသွင်းစနစ်နဲ့ True Tone display တို့ပါဝင်တဲ့ iPhone 8 နဲ့ 8 Plus ကို Apple မိတ်ဆက်

စက်တင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ Apple က iPhone 8 နဲ့ 8 Plus ကို တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ မော်ဒယ်သစ်နှစ်ခုဟာ ပြီးခဲ့နှစ်ကထွက်ရှိခဲ့တဲ့ iPhone 7 နဲ့ 7 Plus ကို အဆင့်မြှင့်တင်ထားတာဖြစ်ပြီး ပိုမြန်တဲ့ပရိုဆက်ဆာ၊ အဆင့်မြင့်ကင်မရာနဲ့ True Tone display တို့ ပါဝင်လာပါတယ်။

iPhone 8 နဲ့ 8 Plus ရဲ့အဓိကအပြောင်းအလဲက ထုတ်ကုန်ရဲ့ကျောဘက်ဖန်ထည်မှာ inductive wireless charging ပါဝင်လာခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် iPhone 7 တုန်းကလိုပဲ ထုတ်ကုန်သစ်နှစ်မျိုးမှာ နားကြပ်ပေါက်မပါဝင်ပါဘူး။

မျိုးဆက်သစ် iPhone မှာပါဝင်တဲ့ ကြိုးမဲ့အားသွင်းစနစ်က အခြားစမတ်ဖုန်းတွေနဲ့ ဆင်တူပြီး ဖုန်းကို charging pad ပေါ်တင်ပြီး အားသွင်းရမှာပါ။ Apple အနေနဲ့ Qi အားသွင်းစံသတ်မှတ်ချက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုထားတာကြောင့် ဝယ်ယူပြီးသား wireless charger တွေနဲ့ သုံးနိုင်ပါတယ်။

Apple ဟာ iPhone 8 မှာ display ကို အဆင့်မြှင့်တင်ခဲ့ပါတယ်။ ၁၀.၅ လက်မ iPad Pro မှာပါဝင်တဲ့ True Tone နည်းပညာကို iPhone 8 မှာအသုံးပြုထားပြီး အရောင်တွေကို မှန်ကန်အောင် ဖော်ပြပေးနိုင်ပါတယ်။

ဒါ့အပြင် Apple ဟာ iPhone 7 မှာ A10 Fusion အသုံးပြုထားပေမယ့် iPhone 8 မှာတော့ A11 Bionic ပရိုဆက်ဆာကို အဆင့်မြှင့်တင်သုံးစွဲထားပါတယ်။ A11 Bionic ဟာ six-core ပါဝင်တဲ့ချစ် ဖြစ်ပြီး A10 ထက် ၂၅ ရာခိုင်နှုန်း မြန်ဆန်တဲ့စွမ်းဆောင်ရည် core နှစ်ခုနဲ့ iPhone 7 ထက် ၇၀ ရာခိုင်နှုန်း မြန်ဆန်တဲ့စွမ်းဆောင်ရည် core လေးခု ပါဝင်ပါတယ်။ Apple က ဒီဇိုင်းထုတ်ထားတဲ့ GPU သစ်ဟာ ၃၀ ရာခိုင်နှုန်း မြန်ဆန်ပါတယ်။

ကင်မရာပိုင်းမှာဆိုရင် iPhone 8 ရှေ့ကင်မရာက 12-megapixel ဖြစ်ပြီး optical image stabilization ပါဝင်လာပါတယ်။ iPhone 8 Plus မှာလည်း sensor သစ်တွေပါဝင်လာပြီး aperture ကတော့ f/1.8 နဲ့ f/2.8 ဖြစ်ပါတယ်။ iPhone 8 Plus မှာပါဝင်တဲ့ dual camera မှာ portrait ရိုက်ကူးမှုတွေကို ချိန်ညှိနိုင်တဲ့ “Portrait Lightning” feature သစ်ပါဝင်လာပါတယ်။ မျိုးဆက်သစ် iPhone တွေဟာ ရုပ်ထွက်အရည်အသွေး အမြင့်ဆုံး ဗီဒီယိုရိုက်ကူးနိုင်တဲ့ စမတ်ဖုန်းလို့ Apple အမှုဆောင် ဖီးလ်ရှယ်လာက ပြောခဲ့ပါတယ်။ iPhone 8 နဲ့ 8 Plus မှာ 4K/60fps ဗီဒီယို ထောက်ပံ့မှုပါဝင်ပါတယ်။ Slow motion ဗီဒီယိုတွေအတွက် 240fps 1080p ရုပ်ထွက်အရည်အသွေး ထောက်ပံ့မှုလည်း ပါဝင်လာပါတယ်။

Apple ဟာ iPhone 8 မှာ AR အတွက် ကင်မရာတွေကို ချိန်ညှိပေးထားပြီး augmented reality အတွက် ဒီဇိုင်းထုတ်ထားတဲ့ ပထမဆုံး စမတ်ဖုန်းအဖြစ် မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ပိုကောင်းတဲ့ လှုပ်ရှားမှုခြေရာခံမှုတွေကို ပြုလုပ်နိုင်အောင် gyroscope နဲ့ accelerometer သစ်ကိုလည်း ထည့်သွင်းထားပါတယ်။

iPhone 8 ကို မီးခိုး၊ ငွေနဲ့ ရွှေဆိုပြီး အရောင်သုံးရောင်နဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ iPhone 8 မော်ဒယ် 64GB ကို ၆၉၉ ဒေါ်လာ၊ 8 Plus အတွက် storage 64GB ကို ၇၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ အဲဒီမော်ဒယ်နှစ်မျိုးအတွက် 256GB မော်ဒယ်ကိုတော့ ၈၄၉ ဒေါ်လာနဲ့ ၉၄၉ ဒေါ်လာ အသီးသီး ရောင်းချသွားပါမယ်။ မျိုးဆက်သစ် iPhone နှစ်မျိုးကို စက်တင်ဘာ ၁၅ ရက်ကစပြီး ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာလ ၂၂ ရက်မှပဲ ရောင်းချသွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheVerge