Vimeo နှင့် Github အပါအဝင် ဝက်ဘ်ဆိုက် ၃၀ ကျော်ကို တားမြစ်ရန် ISP များထံ အိန္ဒိယအစိုးရ ညွှန်ကြားခဲ့

India-blocked.jpg

အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီများဖြစ်သည့် BSNL, Vodafone နှင့် Hathway တို့ကို အသုံးပြု၍ အိန္ဒိယရှိ အင်တာနက် သုံးစွဲသူများသည် Pastebin, DailyMotion, Vimeo နှင့် Github ကဲ့သို့သော ဝက်ဘ်ဆိုက်များကို အသုံးပြု၍ မရတော့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်သည် ဒီဇင်ဘာ ၁၇ ရက်က အိန္ဒိယ၏ ဆက်သွယ်ရေးဌာနမှ အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီများအား ဝက်ဘ်ဆိုက် ၃၂ ခုကို ပိတ်ပင်ရန် ညွှန်ကြားခဲ့ပြီးနောက်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

Pastebin ကမူ ၎င်း၏ Twitter account ကို ဒီဇင်ဘာ ၂၆ ရက်ကတားဆီး ပိတ်ပင်ခဲ့ကြကြောင်း ဝန်ခံခဲ့သည်။ အခြားသော ဆိုက်များကမူ ယခုအချိန်အထိ ထင်မြင်ချက် မပေးသေးပေ။

ထို့နောက်တွင် ဘင်ဂလိုမြို့ အခြေစိုက် အင်တာနက်နှင့် လူ့အဖွဲ့အစည်း စင်တာမှ မူဝါဒ ဒါရိုက်တာဖြစ်သူ ပရာနက်ရှ်ပရာကက်ရှ် ဆိုသူက ၎င်း၏ Twitter ပေါ်မှတစ်ဆင့် အိန္ဒိယ အာဏာပိုင်များ၏ ညွှန်ကြားချက်ကို ဝေမျှခဲ့သည်။

အဆိုပါ ညွှန်ကြားချက်တွင် Pastebin, Vimeo, DailyMotion, Archive.org နှင့် Github တို့အပါအဝင် ဝက်ဘ်ဆိုက် ၃၂  ခုကို  အချက်အလက် နည်းပညာ ဥပဒေဖြင့် တားဆီးရန် ဖော်ပြထားသည်။

BJP ၏ အိုင်တီဌာနမှ အကြီးအကဲဖြစ်သူ အာဗင်းဂပ်တာက အဆိုပါ ဝက်ဘ်ဆိုက်များကို တားဆီး ရခြင်းသည် မွတ်ဆလင် အစွန်းရောက်အဖွဲ့ဖြစ်သည့် ISIS ၏ အိန္ဒိယကို ခြိမ်းခြောက်သည့် content  များအား ဖော်ပြခဲ့ခြင်းကြောင့် ဖြစ်ကြောင်း Twitter မှတစ်ဆင့် ပြောကြားခဲ့သည်။

Ref: TechInAsia