AppExpo2015 ၏ The Best App Competition ပြိုင်ပွဲအတွက် စတင် စာရင်းပေးသွင်းနိုင်

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် ကျင်းပမည့် AppExpo2015 အတွင်း ထည့်သွင်း ကျင်းပသော “The Best App Competition” အား ဝင်ရောက်ယှဉ်ပြိုင်လိုသူများ အနေဖြင့် www.appexpo2015.com တွင် ဝင်ရောက် ကြည့်ရှုပြီး စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲမှာတီထွင်ဖန်တီးသူ လူငယ်များနှင့် စွန့်ဦးလုပ်ငန်းသစ်များ၏ ထုတ်ကုန် အသစ်များအတွက် ရည်ရွယ်သည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၅၀၀ ပေးအပ် ချီးမြှင့်သွားမည်ဟု သိရသည်။

ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ထူးခြားသည့် ကန့်သတ်ချက်များမရှိဘဲ လွတ်လပ်စွာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး ယှဉ်ပြိုင်ရန် စာရင်း ပေးသွင်းထားသူများထဲမှ နောက်ဆုံးအဆင့် ဝင်ရောက် ယှဉ်ပြိုင်ခွင့် အတွက် ရွေးချယ်ခံရသူများကို ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ပြန်လည် အကြောင်းကြားပေးမည် ဖြစ်သည်။ နောက်ဆုံး အဆင့်ပြိုင်ပွဲများအား ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ၂၀၁၅ တွင် MICT Park Room 205 တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ဆုရရှိသူအား ကြေညာသွားမည်ဖြစ်သည်။

AppExpo သည် နည်းပညာ နယ်ပယ်မှ စွန့်ဦးလုပ်ငန်းများ လူငယ်များ၏ တီထွင်ဖန်တီးမှုများ တိုးတက်ရေး၊ ဈေးကွက်ပိုမို ရရှိလာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးဆိုင်ရာ နည်းပညာ ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှုများ တိုးတက်စေရေးအတွက် ၂၀၁၃ ခုနှစ်မှ စတင်ကျင်းပခဲ့သည့် software and mobile application သီးသန့်ပြပွဲ တစ်ခုဖြစ်ပြီး ယခုအကြိမ် ကျင်းပသည့် AppExpo 2015 သည် တတိယအကြိမ် မြောက် ကျင်းပခြင်း ဖြစ်သည်။