METAL GEAR SOLID V – GROUND ZEROES

game_review_15-51.jpg

Metal Gear Solid V – Ground Zeroes ရဲ့  PC Version ဟာ PS4 နှင့် Xbox One တို့မှာ ထွက်ထားတဲ့ မူလ console version ထက် graphics ပိုင်း ကောင်းမွန်သလို Sony/Microsoft console exclusive side missions တွေ အကုန် ပါဝင်ထားတဲ့အတွက် console version မှာ ကစားပြီးသူတွေပါ စိတ်ဝင်စားမယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။ MGS V – Ground Zeroes ဟာ ပင်မ Metal Gear Solid V ဂိမ်း Phantom Pain ရဲ့  နိဒါန်း Prologue Chapter ပါဝင်ထားတဲ့ ဂိမ်းဖြစ်ပြီး console version စတင် ရောင်းချချိန်မှာ 30$ နီးပါးပေးခဲ့ရလို့ ကစားသူအချို့ က ဈေးကြီးတယ်ပြောခဲ့ကြပေမယ့် ပရိသတ်အများစုကတော့ side missions ပုံစံမျိုးစုံ၊ ရန်သူ A.I စနစ်မျိုးစုံ ပါဝင်လို့ ကစားပုံပြောင်းလဲ ကစားမယ်ဆိုရင် အချိန်အကြာကြီး ကစားရလို့ တန်တယ်ဆိုပြီး ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ PC version ကိုတော့ Steam Platform မှာ လောလောဆယ် နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် $13 နဲ့ပဲ ရောင်းချထားလို့ လူတိုင်း သဘောကျမယ့်ဈေးနဲ့ ကစားနိုင်တာ တွေ့ ရမှာပါ။ လက်ရှိ ထွက်ရှိထားတဲ့ Metal Gear Solid V – Ground Zeroes နှင့် ၂၀၁၅ အတွင်း ထွက်ရှိလာမယ့် Metal Gear Solid V – Phantom Pain ဂိမ်းနှစ်ခုစလုံးကို ထူးခြားကောင်းမွန်တဲ့ graphics တွေကို ပြသနိုင်မယ့် Kojima Productions ရဲ့ Fox Engine ကို အသုံးပြုထားပြီး အရင်ဂိမ်းတွေမှာ မပါဝင်ခဲ့တဲ့ open world gameplay, နေ့နဲ့ည day & night cycle နှင့်အတူ သဘာဝကျတဲ့ lighting effect တွေကိုပါ ထည့်သွင်းနိုင်ခဲ့တာ တွေ့ ရမှာပါ။ Metal Gear Solid ဟာ အရည်အသွေး ကျဆင်းလေ့ လုံးဝမရှိတဲ့ Stealth ဂိမ်းစီးရီးဖြစ်တဲ့အတွက် Ground Zeroes မှာ quality ပိုင်းကတော့ ပူစရာ မလိုဘူး ဆိုပေမယ့် Phantom Pain ရဲ့  နိဒါန်း (Prologue) အဖြစ်သာ ကစားရမှာဖြစ်လို့ ကစားချိန်ကတော့ အရင် MGS ဂိမ်းတွေနဲ့ ယှဉ်လိုက်ရင် အတော်လေးကို တိုနေတာ တွေ့ ရမှာပါ။ Story mission ကတော့ ညဘက်ပဲဆိုပေမယ့် side missions တွေ ကစားတဲ့အခါမှာ နေ့ခင်းဘက် level dsign တွေလည်း ပါဝင်လာပါတယ်။ PC version အတွက် 60 frame per second (FPS) support အပြင် Shadows, Texture နှင့် Dept of Field effect တွေကို ပိုကောင်းအောင် ပြင်ဆင်ထားသလို Resolution ကိုတော့ 3840×2160 (4K) အဆင့်အထိ အားရပါးရ တင်နိုင်တာ တွေ့ ရပါတယ်။ ၂၀၁၄ ထဲ ထွက်ထားတဲ့ Console to PC Port တွေထဲမှာတော့ အကောင်းဆုံး Port တစ်ခုပါ။

Metal Gear Solid V – Ground Zeroes ရဲ့  storyline ကတော့ Metal Gear Solid 4 မတိုင်ခင်အချိန်မှာ နေရာယူထားတာဖြစ်ပြီး Metal Gear Solid 3 နှင့် Metal Gear Solid Peacewalker တို့ရဲ့  တိုက်ရိုက်အဆက် ဖြစ်ပါတယ်။ Ground Zeroes က ၁၉၇၅ ခုနှစ်၊ Phantom Pain က ၁၉၈၄ ခုနှစ်တို့မှာ ဇာတ်လမ်းဆင်ထားပြီး ကစားသူအနေနဲ့ Solid Snake နှင့် Liquid Snake တို့လို clone တွေရဲ့  မူရင်း host ဖြစ်တဲ့ Snake/Big Boss နေရာကနေ ဝင်ရောက် ကစားရမှာပါ။ Solid Snake ပါဝင်တဲ့ MGS ဂိမ်းတွေက Science Fiction ပိုင်းနှင့် Gadget အသုံးပြု ရမှုပိုင်းကို ပိုအသားပေးထားပြီး Big Boss နဲ့ ကစားရတဲ့ ဂိမ်းအများစုကတော့ နိုင်ငံရေးပိုင်းနှင့် Action Thriller ပိုင်းကို ပိုအသားပေးထားတာကို တွေ့ ရမှာ ဖြစ်ပါတယ်။ Ground Zeroes ရဲ့ ဇာတ်လမ်းအစမှာတော့ MGS – Peacewalker ဂိမ်းမှာ ပါဝင်ခဲ့တဲ့ လူငယ်တပ်သားတစ်ယောက်ဖြစ်သူ Chico နှင့် စပိုင်တစ်ယောက်ဖြစ်သူ Paz Ortega ကို Cuba နယ်စပ်က အကျဉ်းထောင်တစ်ခုဖြစ်တဲ့ Camp Omega မှာ ဝင်ရောက် ကယ်ဆယ်ရပုံ ကစားရမှာ ဖြစ်ပါတယ်။ MGS ဂိမ်းတွေဟာ ဇာတ်လမ်းအသားပေးဂိမ်းတွေဖြစ်လို့ အရှေ့ပိုင်းက ဂိမ်းတွေ ကစားဖူးထားရင် ပိုကောင်းပေမယ့်၊ ကစားဖို့ အဆင်မပြေသူတွေကတော့ ဂိမ်းအတွင်းမှာ ပါဝင်ထားတဲ့ ဇာတ်လမ်း အကျဉ်းကို ပြန်ဖတ်နိုင်မှာပါ။

MGS V – Ground Zeroes ဟာ Phantom Pain ရဲ့  Prologue ဇာတ်လမ်းဖြစ်တဲ့အတိုင်း အကျဉ်းသားနှစ်ယောက်ကို ကယ်ဆယ်ရမယ့် ပင်မ main mission တစ်ခုတည်း ပါဝင်ထားပြီး side missions အနေနဲ့ကတော့ ငါးမျိုး ပါဝင်ထားပါတယ်။ အရင် MGS ဂိမ်းတွေတုန်းက Open World ဂိမ်းမဟုတ်ဘဲနဲ့ သတ်မှတ်ထားတဲ့ mission တွေကို ပုံသေနည်းတွေနဲ့သာ ကစားခဲ့ရပေမယ့် အခုဆိုရင် ရန်သူစစ်သားတွေကို ဖမ်းပြီး သဲလွန်စတွေ ရှာမလား၊ ရန်သူတွေ မမြင်အောင် စခန်းတွေထဲ ခိုးဝင်မလားအစရှိတဲ့ tactical option တွေ အသုံးပြုနိုင်သလို Stealth သီးသန့်မဟုတ်ဘဲ သေနတ်ပစ်တဲ့ shooting gameplay ပိုင်းကို အသားပေးပြီး ကစားချင်ရင်လည်း ရပါတယ်။ Mouse, Keyboard နဲ့ ကစားရတာ အဆင်ပြေပေမယ့် Stealth ပိုင်း အသားပေးပြီး ဖြေးဖြေးချင်း သွားမယ်ဆိုရင်တော့ controller သုံးပြီး ကစားတာ ပိုအဆင်ပြေတာ တွေ့ ရပါတယ်။ HUD ကို ဖျောက်ပြီး ကစားနိုင်တဲ့ option သစ်ပါလာသလို story mission တစ်ခေါက် ကစားပြီးရင်လည်း ရန်သူ A.I စနစ်တွေနဲ့ စခန်းအတွင်း level layout တွေ မတူညီတဲ့ settings 4 မျိုးကို ထပ်ရွေးနိုင်မှာ ဖြစ်ပါတယ်။ MGS V – Ground Zeroes PC Version မှာ ကစားရတာ တန်တဲ့ နောက်တစ်ချက်က အရင်က Sony console (PS3, PS4) exclusive – Deja’ Vu mission နှင့် Microsoft console (Xbox360, Xbox One) exclusive mission ဖြစ်တဲ့ Raiden ကို ကိုင်တွယ်ရပြီး ရန်သူတွေကိုနှိမ်နှင်းရတဲ့ side missions နှစ်မျိုးစလုံးကို ကစားနိုင်တဲ့ အချက်ပါပဲ။

Metal Gear Solid V – Ground Zeroes ဟာ ကစားချိန် တိုတောင်းတာကလွဲလို့ graphics ပိုင်း အရင်ထက် ပိုကောင်းလာပြီး console ကနေ PC ကို ပြောင်းရာမှာ အဆင်ပြေတဲ့ port တစ်ခုဖြစ်တာတွေ့ ရပါတယ်။ ပင်မဂိမ်း Phantom Pain ထွက်လာရင်လည်း gameplay ပိုင်းရှည်ပြီး graphics ပိုင်းလည်း အရမ်းကောင်းမှာ သေချာသလို PC မှာရော console မှာပါ တစ်ပြိုင်တည်း ကစားနိုင်မှာမို့လို့ MGS ပရိသတ်တွေအားလုံး Ground Zeroes ကို ကစားရင်း Phantom Pain ကို စောင့်မျှော်နိုင်မှာပါ။