Honda Accord ကို ဈေးကွက်ပြိုင်နေတဲ့ Toyota Camry 2014

2014-camry.jpg

လက်ရှိ ဒုတိယမြောက်အကြီးဆုံး ကားဈေးကွက်ကြီးဖြစ်တဲ့ အမေရိကန်မှာ အာရှထုတ်မော်ဒယ်တွေထဲက အအောင်မြင်ဆုံး ဆီဒင်ကို ပြပါဆိုရင် Honda Accord ကို ပြရမယ်ထင်ပါတယ်။ ရွေးချယ်နိုင်စရာ Grade အများကြီးရနိုင်သလို တစ်ဖက်ကလည်း ကိုယ်ထည် အမျိုးအစား အများအပြားထုတ်လုပ်ထားတာကြောင့်ပါ။ ဒါပေမဲ့ Accord အောင်မြင်နေတာနဲ့ တခြားမော်ဒယ်တွေ လိုက်မလာကြတော့ဘူးလား။ မဟုတ်ပါဘူး၊ အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ Toyota ကလည်း Camry မော်ဒယ်ကို အမေရိကဈေးကွက်မှာ Honda Accord ကို ယှဉ်နိုင်အောင်ဖန်တီးပြီး ဈေးကွက်တင်လာတာတွေ့နေရပါပြီ။ သူကလည်း အစကတည်းက နာမည်ကြီးပြီးသား Brand နဲ့ မော်ဒယ်ရဲ့ အရည်အသွေးတွေကြောင့် အမေရိကဈေးကွက်ရဲ့  ရောင်းအားအကောင်းဆုံး ဆီဒင်စာရင်းမှာ ပါဝင်လာတာတွေ့ ရပါတယ်။ ဒီအနေအထားကတော့ လာမယ့်နှစ်အတွင်းမှာ Accord ကိုကျော်တက်ပြီး အအောင်မြင် ဆုံးနေရာကိုတောင် ယူလိုက်နိုင်မလားဆိုတာ တွေးမိလာစေပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ နောက်ပိုင်းလူကြိုက်များလာတဲ့ Camry အကြောင်းကို ဆက်ကြည့်ရအောင်ပါနော်။

Camry ရဲ့ ကောင်းကွက်…
အင်ဂျင်အပိုင်းကိုပဲ ကြည့်ဦး၊ လေးလုံးထိုး အင်ဂျင်ဆိုတာက တန်ကြေးသင့် ကားတစ်စီးအတွက် အထူးအဆန်း မဟုတ်ပေမယ့် လေးလုံးထိုး အတန်းအစားထဲမှာ အကြီးဆုံး အရွယ်အစားကို တပ်ဆင်ထားတယ် ဆိုတာက V Series တွေကို အံတုချင်လို့များလား အောက်မေ့စရာ ရှိပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ်၊ သေချာတာကတော့ V Series အင်ဂျင်တွေ နီးနီးလောက်ကို စွမ်းအင်ထွက်ရှိမှု ကောင်းလှပါတယ်။ နောက်ပြီး ဆီစားနှုန်းအပိုင်းကလည်း နည်းပညာမြင့်မြင့်၊ သင့်သင့်ကို သုံးထားပြန်တော့  လေးလုံးထိုး အင်ဂျင်ချင်း ယှဉ်ကြည့်ရင် နည်းနည်းများတယ်လို့ ဆိုကြမှာဖြစ်ပေမယ့် အရွယ်အစားကို ပြန်ထောက်ရင်တော့ ကောင်းတယ်လို့ မှတ်ချက်ပေးရမှာပါ။ ပြီးတော့ နောက်ဘက်ခန်းကို ကျဉ်းအောင်၊ နိမ့်အောင် ဖန်တီးနေကြတဲ့ခေတ်မှာ Camry က နောက်ဘက်ခန်း ကျယ်အောင်၊ နောက်ဘက်ခုံတန်းကျယ်အောင် ဖန်တီးထားပြန်တယ်ဆိုတော့ ထူးထူးဆန်းဆန်းပါပဲ။ နောက်ပြီး ကျွန်တော့်အမြင်အရတော့ ဒီဇိုင်းပိုင်း ဆွဲဆောင်နိုင်မှုအပိုင်းမှာ Camry က အခြားမော်ဒယ်တွေလို မဟုတ်ဘဲ Sport ဆန်ဆန်အချိုးမျိုးကို ဘေးဖယ်ထားပြီး ပုံမှန် Sedan လို ချိုးထားတာက ကြည့်ကောင်းနေစေပါတယ်။

Camry ရဲ့ ဆိုးကွက်…
အရင်ဆုံး Steering အပိုင်းကိုပြောချင်ပါတယ်။ အလိုလိုမှ ဒီဇိုင်းပိုင်းက Sport မဆန်ပါဘူးလို့ ဆိုပါတယ်၊ လက်ကိုင်အပိုင်းကလည်း ပုံမှန် Sport ဆန်တဲ့ လက်ကိုင်စနစ်တွေထက် အနည်းငယ်လေးလံတာကြောင့် အားနည်းချက်ဖြစ်နေစေပါ တယ်။ အဲ..တစ်ခုတော့ရှိတယ်ဗျ၊ SE မော်ဒယ်ခွဲကတော့ ထူးထူးခြားခြားဆိုသလို အခြားမော်ဒယ်ခွဲတွေနဲ့စာရင် လက်ကိုင်ပိုင်း ပိုမိုကောင်းမွန် တာတွေ့ ရပါတယ်။ နောက်တစ်ခုပြောချင်တာက Transmission  စနစ်၊ ကားကုမ္ပဏီတော်တော် များများက တန်ကြေးသင့်ကားတွေကို မော်ဒယ်ခွဲတော်တော်များများ၊ ရွေးချယ်စရာ အပြင်အဆင်တော်တော်များများ ထုတ်လုပ်ရောင်းချတတ်ပေမယ့် အခု Camry ကတော့ Auto စနစ်တစ်မျိုးတည်းပဲ ရွေးချယ်စရာရှိပြီးတော့ Manual ကြိုက်သူတွေအတွက် No Option ပါ။

Camry ရဲ့ ကိုယ်ထည်…
 ပြောနေကျအတိုင်း တစ်ခုချင်း သွားရအောင်နော်၊ အရောင်အပိုင်း၊ သူက အနက်ရောင်၊ ကြက်သွေးရောင်၊ ငွေရောင်နဲ့ အခြားစုစုပေါင်း ၉ ရောင်ရနိုင်ပါတယ်။ အတွင်းပိုင်းမှာက အထည်သားကိုပဲ ဦးစားပေး ဖန်တီးထားပြီး စုစုပေါင်း အပြင်အဆင်ဒီဇိုင်း ၃ မျိုးရနိုင်ပါတယ်။ ကိုယ်ထည်ရဲ့ အရွယ်အစားကိုကြည့်မယ်ဆိုရင် အလျား ၁၅ ပေနဲ့  ၉ လက်မကျော်ကျော်၊ မျက်နှာစာအကျယ်က ၆ ပေကို နည်းနည်းလေးပဲလျော့မယ်၊ အမြင့်ကတော့ ၄ ပေနဲ့ ၁၀ လက်မကို တစ်စိတ်ပဲလျော့ တယ်ဆိုတော့ ၄ ပေ ၁၀ လက်မပေါ့။ ကိုယ်ထည်နဲ့ မြေပြင်ရဲ့ ကင်းလွတ်ပမာဏက ၆ လက်မစွန်းသေးတယ်ဆိုတော့ Off-Road လည်း ရနိုင်ပါတယ်။ အတွင်းခန်းတွေရဲ့ အကျယ်က ရှေ့ဘက်ခန်း ၅၈ လက်မနဲ့ နောက်ဘက်ခန်း ၅၆ လက်မခွဲကျော်ပါသေးတယ်။ ကားတစ်စီးလုံးရဲ့ အလေးချိန်ကတော့ ပေါင် ၃၂၀၀ နီးပါးဖြစ်ပြီး ဝန်တင်ဆောင်နိုင်မှုနှုန်းက ပေါင် ၁၀၀၀ ဝန်းကျင်ပါ။

Camry ရဲ့ အင်ဂျင်…
တပ်ဆင်ထားတဲ့အင်ဂျင်ကို ကြည့်လိုက်တော့ ၂.၅ လီတာသုံး ပုံမှန်လေးလုံးထိုး အင်ဂျင်ဖြစ်ပြီးတော့ ဒီအရွယ်အစားက လေးလုံးထိုး အတန်းအစားထဲမှာတော့ အကြီးဆုံးတန်းဝင်ပါပဲ။ အင်ဂျင်ရဲ့ လည်ပတ်အား တစ်မိနစ်ကို အပတ်ရေ ၄၁၀၀ မှာ ရုန်းအားက ၁၇၀ပေ-ပေါင် ရှိမှာဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၁၇၈ ကောင်အားပါ။ ဒီနှုန်း၊ ဒီအရွယ်အစား၊ ဒီပမာဏက ကောင်းတယ်လို့လည်း မဆိုသာသလို၊ အားနည်းပါတယ်လို့လည်း ပြောလို့မဖြစ်သေးပါဘူး။ ဒီတော့ ဘယ်လို ပြောရင်ကောင်းမလဲ..ကြားကျကျပေါ့ဗျာ၊ သင့်ပါတယ်ပေါ့။ အင်ဂျင်ရဲ့ အမြင့်ဆုံးလည်ပတ်နိုင်မယ့် အပတ်ရေက တစ်မိနစ်ကို ၆၀၀၀ ဆိုတော့ နည်းနည်းများနေပါတယ်။ စုစုပေါင်းဂီယာချက် ၆ ချက်ကို သုံးပြီး မောင်းနှင်နိုင်မှာဖြစ်ကာ အထက်မှာ ကျွန်တော်ပြောခဲ့သလို Auto စနစ်နဲ့ သွားမှာ ဖြစ်ပါတယ်။

Camry ရဲ့ စွမ်းဆောင်ရည်…
အင်ဂျင်ပိုင်းကို ကြည့်ပြီးတော့ သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းကို ကျော်ပြီးထားခဲ့လို့လည်း ဘယ်ဖြစ်ပါ့မလဲ။ ဒီတော့ Camry ဘယ်လောက်စွမ်းတယ်ဆိုတာ ကြည့်ရအောင်ပါ။ ရှေ့ဘီးယက်စနစ်နဲ့ဆိုတော့ ဆီစားနှုန်း သက်သာကောင်း သက်သာနိုင်ပေ မယ့် ရုန်းအားအပိုင်းမှာတော့ ထင်သလောက် တာသွားပါ့မလား။ မြို့တွင်းလိုလမ်းကြောင်းတွေမှာသင့်လျော်စေဖို့ ထုတ်လုပ်ထားတာမျိုးဆိုတော့ Trans-mission အပိုင်းကိုပဲ ကြည့်လေ၊ Manual စနစ်တစ်ခုလုံးကို ချန်ထားတာ၊ အရှိန်မြန်မြန် တင်နိုင်ဖို့ Camry ကမရှိဘူး၊ မြန်နှုန်းမြင့်မြင့် မောင်းနှင်နိုင်ဖို့ Camry ကမဖြစ်ဘူး၊ ဟုတ်ပါတယ်၊ Camry က တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၈.၄ စက္ကန့်ယူမှာဆိုတော့ ပုံမှန်လောက်ပါပဲ။ အဲ…တစ်ခုတော့ စပ်မိလို့ ပြောချင်ပါသေးတယ်၊ V6 အင်ဂျင်နဲ့လည်း ရနိုင်မှာဖြစ်ပြီး သူကတော့ အချိန် ၆.၆ စက္ကန့်ယူပါလိမ့်မယ်။

Camry ရဲ့ ငွေကုန်ပေါက်….
ပျမ်းမျှဆီစားနှုန်းက ဆီတစ်ဂါလံကို မိုင် ၃၀ တဲ့၊ ဟုတ်ပါ့မလား၊ တွေးစရာပါ။ ဘာကြောင့်လဲဆိုတော့ လေးလုံးထိုးအကြီးစား အင်ဂျင်တပ်မော်ဒယ်လေ၊ ဒါပေမဲ့ ဟုတ်ပါတယ်၊ ပျမ်းမျှနှုန်းက မိုင် ၃၀ ပါ။ အင်ဂျင်က ကြီးတယ်၊ လည်ပတ်အား မြင့်တယ်၊ ဒါပေမဲ့ တစ်ဖက်ကကြည့်တော့ ရှေ့ ဘီးယက်စနစ်ဖြစ်တယ်၊ Auto စနစ်နဲ့ သွားတယ်၊ နောက်ပြီးရုန်းအားလည်း နည်းတယ်၊ နောက်ပြီး နည်းပညာ လည်းကောင်းတယ်လို့ ဆိုရမှာပေါ့။ ဒီတော့ မိုင် ၃၀ ဆိုတဲ့ Camry ရဲ့ ဆီစားနှုန်းက လက်ခံနိုင်စရာပါ။ မြို့တွင်းလို လမ်းကြောင်းတွေမှာဆိုရင် ဆီတစ်ဂါလံကို ၂၅ မိုင်နဲ့ အဝေးပြေးလမ်းကြောင်းတွေမှာဆိုရင် ၃၅ မိုင်ထိအောင်စီးနင်းနိုင် မယ်ဆိုတော့ လမ်းစုံအတွက် သင့်လျော်မှာပါ။ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုနှုန်းက ၁၇ ဂါလံဖြစ်တာကြောင့် ကားအရွယ်နဲ့ တိုင်ကီအရွယ်က ကွက်တိပါ။