3D Printing အသုံးချ အစားထိုး ခွဲစိတ်ကုသမှုများ

life_changing_3d_printing_surgeries-0-1-.jpg

3D Printing ထွန်းကားလာ ခြင်းအပေါ် ပညာရှင်များက တတိယစက်မှု တော်လှန်ရေးတော့ စပြီလို့မှတ်ချက် ပြုခဲ့ကြတယ်။ 3D Printing နည်းပညာကို အသုံးချနိုင်ဖို့ ၁၉၈၄ ခုနှစ်လောက်ကတည်းက စတင်ကြိုးစား အားထုတ်လာခဲ့ ကြရတာဖြစ်တယ်။ ဆယ်စုနှစ် ၃ ခုလောက် ဖြတ်ကျော် လိုက်ချိန်မှာတော့ လုပ်ငန်းတိုင်းအတွက် ထိရောက်စွာ အသုံးချနိုင်စေမယ့် နည်းပညာအဖြစ် အာမခံချက်ပေး နိုင်သွားတယ်။ စက်ကိရိယာပ စ္စည်းတွေရဲ့ အစိတ်အပိုင်းတွေအတွက် အပိုပစ္စည်းအဖြစ် ဖန်တီးပေးနိုင်တာ မဆန်းလှပေမယ့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းကို အစားထိုးလဲလှယ် အသုံးပြုခွင့် ရတဲ့အထိ အောင်မြင်မှု ရရှိခဲ့ကြတော့ အံ့အားသင့်စရာ ဖြစ်စေပါတယ်။

၂၀၁၄ ခုနှစ်အတွင်း 3D Printing နဲ့ပြုလုပ်ထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တုတွေကို ပျက်စီးယိုးယွင်းနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အတွက် အစားထိုး လုပ်ကိုင်ပေးနိုင်တဲ့ အောင်မြင်မှု အများအပြား ရှိခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ်ရှိ ဘင်္ဂလားဒစ်ခ်ျ အမျိုးသားတစ်ဦးမှာ အာခေါင်ကင်ဆာ ဖြစ်နေတာကို စတင်တွေ့ရှိတဲ့အတွက် သူရဲ့အပေါ်ပိုင်း မေးရိုးကို ဖယ်ထုတ်ပစ်ရမယ့် ကုသမှုတစ်ခု ရှိခဲ့တယ်။ ကင်ဆာကြောင့် နှာခေါင်းနဲ့ ပါးစပ်များအထိ ပျံ့နှံ့နေတာကြောင့် အပေါ်ပိုင်းမေးရိုးကို ဖယ်ထုတ်ပစ်ရတဲ့ သဘောဖြစ်တယ်။ ပထမ ၆ လ လောက်မှာ ရေဒီယိုကုထုံးနဲ့ ဓာတ်ရောင်ခြည် ကင်ပေမယ့် ရလဒ်ကောင်း မရှိခဲ့ပေ။ ပါးစပ်ဟဖို့ အတွက်ပင် ၀.၈ လက်မထက် ကျယ်၍မရနိုင်တဲ့ အခြေအနေ ရှိခဲ့တယ်။ ဒီအတွက် အစားထိုး လဲလှယ်ရမယ့် အစိတ်အပိုင်းအတွက် 3D Scan လုပ်ပြီး ပကတိအကောင်း ပုံတူတစ်ခုကို 3D Printing နည်းပညာနဲ့ ဖန်တီးယူလိုက်တယ်။ အစားထိုးခွဲစိတ် ကုသမှုအောင်မြင် သွားတဲ့အတွက် အောက်တိုဘာလက သတင်းဌာနတွေက ဂုဏ်ပြုသတင်းတွေ ဖော်ပြပေးခဲ့ပါတယ်။

တကယ်တော့ ဖေဖော်ဝါရီလက အောင်မြင်ခဲ့တဲ့ 3D-Printed  hip အစားထိုး ကုသမှုကို ဦးစွာတင်ပြရမှာ ဖြစ်တယ်။ ဆွီဒင်နိုင်ငံရဲ့ လန်းမြို့မှာရှိတဲ့ တက္ကသိုလ်ဆေးရုံမှာ တင်ပါးရိုး နာကျင်ကိုက်ခဲလို့ ကုသခံဖို့ ရောက်လာခဲ့တဲ့ ဆယ်ကျော်သက် မိန်းကလေးကို အစားထိုးခွဲစိတ် ကုသပေးလိုက်တာ ဖြစ်တယ်။ အခုတော့ ဘီးတပ်ကုလားထိုင်နဲ့ သွားလာရတဲ့ အခြေအနေကနေ ကိုယ်တိုင်လမ်းလျှောက်နိုင်တဲ့ အခြေအနေ ရောက်ခဲ့ပါပြီ။

ပြင်သစ်နိုင်ငံ ပဲရစ်အခြေစိုက် အော်သိုပီဒစ် ခန္ဓာကိုယ်တွင်း အစားထိုး အစိတ်အပိုင်း ထုတ်လုပ်ရေး လုပ်ငန်းဖြစ်တဲ့ Medicrea မှာ မေလအတွင်းက PEKK Spine Cape တစ်ခုပြုလုပ်ပြီး  ကုသပေး နိုင်တဲ့အကြောင်း မဂ္ဂဇင်းစာစောင်တွေမှာ ပါရှိတယ်။ ကျောရိုးနပ်ဗ် ကြောပေါင်းစပ်ခြင်း လုပ်ငန်းအတွက် 3D Printed အဆစ်တုကို အသုံးပြုခဲ့တာ ဖြစ်တယ်။ ပျက်စီးသွားတဲ့ ကျောရိုးဆစ်ကို လဲလှယ်ပေးခြင်းအားဖြင့် ပြီးမြောက်အောင်မြင်သွားတဲ့ ကုသမှုအတွက် ဒေါက်တာဗင့်ဆင့်ဗီးရားက Hosipital Jean Mermoz မှာ ရှင်းလင်းပြောကြား ပေးခဲ့တယ်။

နယ်သာလန်နိုင်ငံ အပ်ထရက်ခ်ျမှာရှိတဲ့ MUC ဆေးတက္ကသိုလ်မှာလည်း ၂၂ အရွယ်ရှိ အမျိုးသမီး တစ်ဦးရဲ့ ဦးခေါင်းမှာ 3D Printed Skull နဲ့အစားထိုး ကုသမှုပြုလုပ် နိုင်ခဲ့တာကလည်း စိတ်ဝင်စားစရာ ဖြစ်စေခဲ့ပါတယ်။ မူလဦးခွံက ထူကဲလွန်းတဲ့အတွက် နာကျင်ကိုက်ခဲမှုတွေ ခံစားနေရ ရှာတာကြောင့် ဦးခွံအစားထိုးကု သမှုပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ကြ ရတာဖြစ်တယ်။ MUC ဆေးတက္ကသိုလ်က ပါမောက္ခဆရာဝန်ကြီး Dr.Bon Verweij ကိုယ်တိုင်ဦးဆောင် လုပ်ကိုင်ပေးခဲ့တယ်။ လွန်ခဲ့တဲ့ ၆ လ လောက်ကတော့  သူ့ရဲ့ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ကြောင်း အတိအလင်း ကြေညာသွားတယ်။

Vertebra ကျောရိုးအဆစ်မှာ ကင်ဆာရောဂါ ဖြစ်နေတဲ့ ၁၂ နှစ်သား ယောက်ျားလေး တစ်ဦးကိုလည်း တရုတ်နိုင်ငံမှာ 3D Printed Vertebra နဲ့အစားထိုးကု သပေးခဲ့တဲ့ အဖြစ်အပျက်တစ်ခုလည်း CCTV သတင်းဌာနက တင်ပြပေးခဲ့တယ်။ ပီကင်းတက္ကသိုလ် တတိယဆေးရုံမှာ အရိုးကု ဆေးပညာဆိုင်ရာ ဒါရိုက်တာ လွီကျုံ့ယွင်းက 3D Printing နည်းပညာ အကူအညီ ရရှိရေးလို့ အကြံပြုပေးပြီး သက်ဆိုင်ရာ ခွဲစိတ် ဆရာဝန်များနဲ့အတူ ခွဲစိတ်အစားထိုး ကုသရင်း အောင်မြင်မှု ရခဲ့တာဖြစ်တယ်။ မူလကင်ဆာဖြစ်နေတဲ့ Vertebra အဆစ်ကို ခွဲစိတ်ခွဲထုတ်ဖို့ပင် ၃ နာရီကြာ ပြုလုပ်ခဲ့ရတယ်။ လူနာဖြစ်သူ မင်ယောင်းဆိုတဲ့ ကလေးက ဘောလုံးကစားရင်း ဒဏ်ရာရသွားတာကစပြီး ကင်ဆာအဆင့်ကို ရောက်သွားတာလို့ သိရတယ်။ လဲလှယ်အစားထိုးတဲ့ အဆစ်ကပထမ အဆစ်နဲ့ တတိယအဆစ်ကြား ထားရှိရမယ့် အဆစ်ဖြစ်တယ်။

သြစတြေးလျနိုင်ငံမှာ ၇၁ နှစ် အရွယ် အဘိုးကြီးတစ်ဦးမှာ စွဲကပ်နေတဲ့ ဖနောင့်ရိုး ကင်ဆာကို ဖယ်ထုတ်ပြီး 3D Printing နဲ့ ပြုလုပ်ထားတဲ့ titanium heel ကို အစားထိုး ကုသခဲ့တဲ့ ဖြစ်ရပ်တစ်ခုလည်း ရှိခဲ့ပါသေးတယ်။

သြစတြေးလျနိုင်ငံ CSIRO လို့ အမည်ရှိတဲ့ ဓနသဟာယသိပ္ပံနှင့် နည်းပညာ သုတေသနအဖွဲ့ အစည်းကြီးက ကျွမ်းကျင်ပညာရှင်များနဲ့ စိန့်ဗင့်ဆင့်ဆေးရုံက ဆရာဝန်များ ပူးပေါင်းပြီး ကြိုးစားလုပ် ကိုင်ခဲ့ကြတာ ဖြစ်တယ်။ ဇူလိုင်လက ခွဲစိတ်အစားထိုး ကုသမှုပြုလုပ်ခဲ့ပြီး နောက်ထပ် ၃ လအကြာမှာ လုံးဝနေကောင်းစွာနဲ့ ကျန်းကျန်းမာမာ လမ်းလျှောက်နိုင်တဲ့ အခြေအနေ ရောက်ရှိသွားခဲ့တယ်။

၂၀၁၄ ခုနှစ်အတွင်း ပါးစပ်မေးရိုးတို့ တင်ပါးရိုးတို့ ခါးဆစ်တို့မှာ ဖြစ်ပေါ်နေတဲ့ ကင်ဆာရောဂါကို ဖယ်ထုတ်ပြီး 3D Printing နဲ့ စီစဉ်ဆောင်ရွက်ထားတဲ့ အစားထိုး အစိတ်အပိုင်းတွေ ထည့်ပြီးကုသမှုကြောင့် အသက်ဆက်လက် ရှင်သန်ခွင့်တွေ ရခဲ့တာက ၂၀၁၄ ခုနှစ်ရဲ့ အောင်မြင်မှုတွေလို့ မှတ်တမ်းတင် လိုက်ကြရတယ်။

နိုဝင်ဘာလကတော့ အမေရိကန်နိုင်ငံ ချီကာကိုမှာရှိတဲ့ AHA  (American Heart Association) မှာ 3D Printed Heart နဲ့အစားထိုး ကုသရေးနဲ့ ပတ်သက်ပြီး အကြီးအကျယ် ဆွေးနွေးတိုင်ပင် ခဲ့ကြတယ်။ လက်ရှိ ရောဂါဝေဒနာ ခံစားနေရတဲ့ အသက်အရွယ် ငယ်သေးတဲ့ လူနာ ၃ ဦးရဲ့ Mri images ကိုယူပြီး သက်ဝင်လှုပ်ရှားနိုင်တဲ့ ပလာစတာနှလုံးကို ဖန်တီးနိုင်ဖို့ Dr.Matthew Bramlet ဦးဆောင်တဲ့ ဆရာဝန်တွေက ဆွေးနွေးတိုင်ပင်ကြတာ ဖြစ်တယ်။

ပထမဆုံး University of Louisville က သုတေသန ပညာရှင်များက ၁၄ နှစ်သားလေးရဲ့ နှလုံးကို Scan လုပ်ပြီး 3D model တစ်ခုကို ပြုလုပ်ခဲ့ကြတယ်။ တကယ့် အရွယ်အစားထက် ၁.၅ ဆကြီးတဲ့ မော်ဒယ်တစ်ခုကို စမ်းသပ်ပြုလုပ်ရာ ထုတ်လုပ်မှု လုပ်ငန်းစဉ် အားလုံးအတွက် အချိန် နာရီ ၂၀ ကြာခဲ့ပြီး ကုန်ကျစရိတ် ဒေါ်လာငွေ ၆၀၀ လောက် ရှိခဲ့တယ်လို့ သိရတယ်။ တကယ်တမ်း 3D Printing နဲ့ ပြုလုပ်ထားတဲ့ နှလုံးကို အစားထိုးကုသလို့ အောင်မြင်ခဲ့ရင် လူသားတို့အတွက် မင်္ဂလာတစ်ပါး ဖြစ်စေမှာဖြစ်ကြောင်း တင်ပြပေးလိုက် ရပါတယ်။