iPay ငွေပေးချေကတ်ဖြင့်သာ စီးနင်းနိုင်မည့် ယာဉ်လိုင်းသစ်ကို ၁ ရက်နေ့၌ ပြေးဆွဲမည်

10900186_10203487577291175_2922823170575111062_o.jpg

အမြဲစိမ်းအမည်ဖြင့် ယာဉ်လိုင်းအသစ်ကို ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ပြေးဆွဲမည်ဖြစ်ပြီး အဆိုပါ ယာဉ်လိုင်းသစ်၌ ယာဉ်စီးခကို iPay ငွေပေးချေကတ်ဖြင့်သာ လက်ခံပေးသွားမည်ဟု အဆိုပါယာဉ်လိုင်းမှ အထွေထွေမန်နေဂျာဖြစ်သူ ဦးခင်မောင်ဦးက ပြောသည်။

“ကတ်နဲ့မဟုတ်ဘဲ ငွေသားကို ယာဉ်နောက်လိုက်က လက်ခံခဲ့တယ်ဆိုရင် အလုပ်ထုတ်ပစ်ပါမယ်”ဟု ဦးခင်မောင်ဦးက ဆိုသည်။ အမြဲစိမ်းယာဉ်လိုင်းသည် ဒဂုံတက္ကသိုလ်နှင့် ဆူးလေကို နေ့စဉ် ပြေးဆွဲမည့်ယာဉ် လိုင်းသစ်ဖြစ်ပြီး မှတ်တိုင် ၁၂ တိုင်ကိုသာ မော်တော်ယဉ်များရပ်တန့်ပြီး ခရီးသည် အတင်အချ ပြုလုပ်မည်ဟု သိရသည်။

“လမ်းကြောင်းမှာ မှတ်တိုင် ၄၀ လောက်ရှိပါတယ်။ မှတ်တိုင် ၁၂ တိုင်ပဲ ရပ်ပါမယ်။ ဂိတ်ကနေပြီး ပုံမှန် ၁၀ မိနစ်ခြားပြီး ကားတစ်စီးစီလွတ်ပါမယ်။ မှတ်တိုင် နှစ်တိုင်ကို ၅၀ ကျပ်နှုန်းနဲ့ သတ်မှတ်ပြီး ကောက်ခံမှာပါ” ဟု ၎င်းက ဆိုသည်။ iPay ကတ်ဖြင့် ယာဉ်စီးခ ပေးချေခြင်းကိုသာ လက်ခံသည့် အမြဲစိမ်းယာဉ်လိုင်းသည် iPay ကတ် မရှိသူများအတွက် ယာဉ်ပေါ်၌ iPay ကတ်များ ရောင်းချပေးမည့် အပြင် မော်တော်ယာဉ်ရပ်တန့်ရာ မှတ်တိုင် ၁၂ ခု၌လည်း iPay ကတ်ရောင်းချသည့် ကောင်တာများ ထားရှိသွားမည်ဟု သိရသည်။

iPay ကတ် စတင်အသုံးပြုလိုပါက ကတ်တန်ဖိုး ၃၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး ငွေပေးချေမှုများ ပြုလုပ်ဆောင်ရွက်ရန်အတွက် ကတ်အတွင်း ငွေသားပမာဏကို အသုံးပြုသူအနေဖြင့် စိတ်ကြိုက် ထည့်သွင်းထားနိုင်သည်ဟု iPay ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဒေါ်နီနီခင်က ဆိုသည်။

အမြဲစိမ်းယာဉ်လိုင်းသည် ထိုင်ခုံ ၂၀ ကျော်မှ ၄၀ နီးပါးအထိ ပါဝင်သည့် ကားအစီးရေ ၂၅ စီးဖြင့် ယာဉ်လိုင်းသစ်ပြေးဆွဲခြင်းကို ဝန်ဆောင်မှုပေးအပ်မည်ဖြစ်ပြီး ခရီးစဉ်တစ်လျှောက် အဲကွန်း စနစ်ပါဝင်ကြောင်း၊ ယာဉ်ပေါ်၌ ထိုင်စီးခရီးသည်နှင့် မတ်တတ်ရပ် ခရီးသည် စုစုပေါင်း အယောက် ၅၀ ကိုသာ တင်ဆောင်ခွင့် ရှိကြောင်း ဦးခင်မောင်ဦးက ပြောသည်။

iPay ကတ်ကို လက်ရှိအချိန်တွင် ရေယာဉ်လိုင်းများ၌ ကတ်အရေအတွက် ၁၅၀၀ မှ ၁၈၀၀ အကြား အသုံးပြုနေပြီး မော်တော်ယာဉ်လိုင်းများ၌ ၁၃၀၀ မှ ၁၅၀၀ အကြား အသုံးပြုနေသည်ဟု သိရသည်။ iPay ကတ်အသုံးပြုသည့် အခြားသော ယာဉ်လိုင်းများသည် လက်ရှိအချိန်၌ ငွေသားအနေဖြင့် ယာဉ်စီးခ ကို လက်ခံနေကြသော်လည်း အမြဲ စိမ်းယာဉ်လိုင်းသည် ငွေသားဖြင့် လက်ခံမည်မဟုတ်ကြောင်း အတိအလင်းကြေညာခဲ့သည်။

အဆိုပါ ယာဉ်လိုင်းသည် ခရီးစဉ် အစ၊ အဆုံးတစ်ခုအတွက် ကြာမြင့်ချိန်ကို ၁ နာရီနှင့် ၁၀ မိနစ်ဟု ခန့်မှန်းထားပြီး ယာဉ်နောက်လိုက်များကိုမူ အမျိုးသမီးအများစု ခန့်အပ်ထားသည်ဟု သိရသည်။