iPhone 5c နှင့် ဆင်တူသော စမတ်ဖုန်းကို တရုတ်ကုမ္ပဏီ Meizu မိတ်ဆက်

Chinas-Meizu-clones-and-supersizes-the-iPhone-5C.jpg

ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က တရုတ်နိုင်ငံရှိ ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီ Meizu သည် iPhone 5c နှင့် အလွန်ဆင်တူသော M1 Note စမတ်ဖုန်းကို မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ Meizu M1 Note စမတ်ဖုန်းသည် iPhone 5c ထက် မျက်နှာပြင် ပိုမိုကြီးမားသော ၅.၅ လက်မ display ကိုအသုံးပြုထားသည်။ ထို့အပြင် ၎င်းစမတ်ဖုန်းတွင် iPhone 5c ကဲ့သို့ ပလတ်စတစ် ကိုယ်ထည်၊ ခလုတ်များနှင့် အရောင်များကို အသုံးပြုထားသည်။ Meizu ၏ M1 Note သည် Apple ၏ဒီဇိုင်းပိုင်းကို မှီးထားသည် သာမက ကျောဘက် ကင်မရာမှာလည်း Meizu MX4 ဖုန်းမှအတိုင်း ဖန်တီးထားသည်။ Meizu သည် Xiaomi က၎င်း၏ Redmi 1S နှင့် Redmi Note ဖုန်းများကို ဈေးနှုန်း သက်သာစွာ ရောင်းချသလိုပင်  M1 Note စမတ်ဖုန်း 16GB ဗားရှင်းကိုလည်း ယွမ် ၉၉၉ (အမေရိကန် ဒေါ်လာ ၁၆၀) ဖြင့် ရောင်းချ သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံတွင် စမတ်ဖုန်းသစ် တစ်လုံးကို ပျှမ်းမျှဈေးနှုန်း အမေရိကန် ဒေါ်လာ ၂၃၃ ဖြင့် ရောင်းချနေလျက် ရှိသောကြောင့် ဈေးနှုန်းသက်သာသည့် စမတ်ဖုန်းများ ရောင်းချခြင်းဖြင့် ဈေးကွက်ရှယ်ယာ ရယူရန် မျှော်လင့်နေသည်။ M1 Note တွင် ၅.၅ လက်မ 1080p မျက်နှာပြင် အပါအဝင် ကျောဘက် ကင်မရာ 13MP, ရှေ့ဘက် ကင်မရာ 5MP ပါဝင်သည်။ ထို့အပြင် M1 Note အတွင်း MediaTek  MT6752 ပရိုဆက်ဆာကို အသုံးပြုထားကာ RAM 2GB အပြင် 3G နှင့် 4G ကွန်ရက် ထောက်ပံ့မှုများလည်း ပါဝင်သည်။

Ref: TechInAsia