Firefox OS အသုံးပြု ထားသော ဖောက်ထွင်း မြင်နိုင် သည့် LG Fx0 စမတ်ဖုန်း

MobileCover.jpg

ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က ဂျပန်နိုင်ငံတွင် Mozilla ၏ Firefox OS အသုံးပြုထားသော Fx0 စမတ်ဖုန်းကို မိတ်ဆက်ခဲ့သည်။ အဆိုပါ စမတ်ဖုန်းကို LG မှထုတ်လုပ် ပေးခဲ့ခြင်းဖြစ်ပြီး ဖောက်ထွင်းမြင်နိုင်သည့် ဒီဇိုင်းကို တိုကူဂျင်ယိုရှီအိုက ဆိုသူက ပြုလုပ်ပေးခဲ့သည်။

Fx0 ဖုန်းသည် ကာဗာကို ဖြုတ်စရာ မလိုအပ်ဘဲ စမတ်ဖုန်း၏ အတွင်းပိုင်းကို မြင်တွေ့နိုင်ပြီး ဖုန်း၏ home ခလုတ်ကို ရွှေရောင် Firefox လိုဂိုဖြင့် ပြုလုပ်ဖန်တီး ထားသည်။ Fx0 သည်အခြား ထွက်ရှိထားသော Firefox OS ဖုန်းများနှင့် ခြားနားသည့်အပြင် ဈေးနှုန်းလည်း အနည်းငယ် မြင့်မားသည်။ LG မှထုတ်လုပ်ထားသော Fx0 စမတ်ဖုန်းကို ဂျပန်ယန်း ၅၀,၀၀၀ (အမေရိကန် ဒေါ်လာ ၄၁၄ သို့မဟုတ် ယူရို ၃၄၀) ဖြင့် ရောင်းချ သွားမည် ဖြစ်သည်။

Fx0 တွင် 1.2 GHz quad-core CPU တစ်ခုနှင့် အတူ Qualcomm Snapdragon 400 ချစ်ပ်ပါဝင်ပြီး RAM 1.5 GB နှင့် built-in storage 16GB အပြင် microSD ကတ်များမှတစ်ဆင့် storage နေရာလွတ်များ ချဲ့နိုင်သည်။ ၎င်းတွင် 8MP ကျောဘက်ကင်မရာ၊ LED flash နှင့်အတူ ရှေ့ကင်မရာ 2.1 MP ပါဝင်သည်။ စမတ်ဖုန်းအတွင်း  2,370 mAh ဘက်ထရီနှင့် Firefox OS 2.0 ကို အသုံးပြုထားသည်။ Firefox OS ဖုန်း Fx0 တွင် ပထမဆုံး အကြိမ်အဖြစ် 4G LTE နှင့် NFC ထောက်ပံ့မှုများ ပါဝင်လာပြီး ဂျပန်နိုင်ငံတွင် ဇန်နဝါရီလ ၆ ရက်တွင် စတင်ရောင်းချ သွားမည်ဖြစ်သည်။

-Ref: GSMArena