ရန်ကုန်မြို့၏ Facebook Check In အများဆုံး ပြုလုပ်သော နေရာ ဆယ်ခုတွင် ရွှေတိဂုံဘုရားက ထိပ်ဆုံး၌ ရပ်တည်

1.jpg

မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက် စာမျက်နှာကို သုံးစွဲသူဦးရေမှာ ၃ သန်းရှိလာခဲ့ပြီးနောက် Facebook ၏ Check In feature ကို အသုံးပြုသူ အရေအတွက်မှာလည်း များပြားလာခဲ့ပြီး အများဆုံး Check In ပြုလုပ်သော နေရာမှာ ရွှေတိဂုံဘုရားဖြစ်ကြောင်း သတင်းရရှိသည်။

Facebook ၏ Check In feature ကို အသုံးပြုသူဦးရေမှာ ၅၀၀,၀၀၀ ဝန်းကျင်ရှိနေပြီး ရွှေတိဂုံဘုရားဧရိယာကို Check In ပြုလုပ်သူ အရေအတွက်မှာ ယခုလ တတိယပတ် သုတေသနအရ ၃၃၀,၀၀၀ ကျော်ရှိကြောင်း ပြည်တွင်းအခြေစိုက် Amara Digital Marketing Agency ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်မြို့၏ Facebook အသုံးပြုသူများ အများဆုံး Check In ပြုလုပ်သောနေရာ ဆယ်ခုကို အထက်ပါ Agency မှ Facebook application တစ်ခုဖြင့် သုတေသနပြုလုပ် ကောက်ခံ ထားခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ရွှေတိဂုံဘုရား ဧရိယာပြီးလျှင် ဒုတိယအများဆုံး Check In ပြုလုပ်သည့်နေရာမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်ပြီး Check In ပြုလုပ်သူ အရေအတွက်မှာ ၁၅၄,၂၁၆ နှင့် အထက် ရှိသည်။

ကမ္ဘာပေါ်တွင် လူသုံးအများဆုံး လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် Facebook ကို သုံးစွဲသူများအနက် ရန်ကုန်မြို့တွင် သုံးစွဲသူများ Check In ပြုလုပ်မှု အများဆုံးနေရာ ဆယ်ခုမှ အထက်ပါ ဧရိယာနှစ်ခုပြီးလျှင် Junction Square ဈေးဝယ်စင်တာ၊ ကန်တော်ကြီး အမျိုးသားဥယျာဉ်၊ ရန်ကုန် အင်တာနေရှင်နယ် ဟိုတယ်ရှိ Music Box ၊ ရန်ကုန်တက္ကသိုလ်၊ China Town Yangon Myanmar ၊ ဆီဒိုးနားဟိုတယ်နှင့် ဒဂုံစင်တာ ၂ တို့ ဖြစ်ကြသည်။

Junction Square ဈေးဝယ်စင်တာနှင့် ကန်တော်ကြီး အမျိုးသားဥယျာဉ်တို့ကို Facebook မှတစ်ဆင့် Check In ဝင်သော အရေအတွက်မှာ ၁၀၀,၀၀၀ နှင့်အထက်စီ ရှိကြသည်။

ထို့အပြင် ပြည်တွင်း Facebook အသုံးပြုသူများကြားတွင် ကိုယ်ပိုင်စာမျက်နှာ တည်ထောင်မှုများလည်း ပိုမိုများပြားလာခဲ့ပြီး Like အရေအတွက် အများဆုံး ရရှိသော စာမျက်နှာမှာ POND’s အလှကုန်ပစ္စည်း စာမျက်နှာဖြစ်ပြီး အဆိုပါ စာမျက်နှာ၏ Like ရရှိသည့် အရေအတွက်မှာ ယနေ့အထိ ၄,၂၆၄,၉ ၂၇ ရှိပြီဖြစ်သည်။

ပြည်တွင်း Facebook သုံးစွဲသူများကြား ဒုတိယနှင့် တတိယ Like အများဆုံး ရရှိသော စာမျက်နှာများမှာ 7Day News Journal, Eleven Media Group နှင့် BBC Burmese တို့ဖြစ်ကြသည်။

တစ်ကမ္ဘာလုံးရှိ Facebook သုံးစွဲသူများသို့ ၂၀၁၀ ခုနှစ်၊ သြဂုတ်လအတွင်းက စတင် မိတ်ဆက်ခဲ့သော Check In feature ကို ပြည်တွင်း သုံးစွဲသူများ သာမကဘဲ ပြည်ပနိုင်ငံရောက် မြန်မာ အများစုကလည်း ပိုမိုသုံးစွဲလာကြကြောင်း သိရသည်။

“Facebook သုံးတဲ့သူ အများစုမှာ တွေ့ရတာကတော့ ကိုယ်ဘာတွေလုပ်နေတယ်၊ ဘယ်တွေရောက်နေတယ် ဆိုတာကို ကိုယ့်ရဲ့ မိတ်ဆွေတွေကို ပြန်မျှဝေချင်ကြပါတယ်။ Facebook ရဲ့ feature တွေထဲမှာတော့ ဓာတ်ပုံတွေတင်တာ၊ ခံစားချက်တွေကို တင်တာတွေအပြင် Check In ဝင်တာကို အများဆုံး သုံးဖြစ်တယ်” ဟု အသက် ၂၅ နှစ်အရွယ် ရန်ကုန်မြို့နေ Facebook သုံးစွဲသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြည်တွင်း Facebook သုံးစွဲသူဦးရေသည် ယခုလ တတိယပတ်အတွင်းက ၃ သန်းအထိ ရှိခဲ့ပြီး တစ်နှစ်အတွင်း အသုံးပြုသူ သုံးဆနီးပါး တိုးတက်လာခဲ့ခြင်းဖြစ်သည်။