Barcamp Yangon ၏ Fellowship အစီအစဉ်ကို ဒုတိယအကြိမ်အဖြစ် ထည့်သွင်း ဆောင်ရွက်မည်

မြန်မာနိုင်ငံရှိ မိမိတို့မြို့အသီးသီးတွင် ဘားကမ့်ပြုလုပ်လိုသူများ အတွက် Barcamp Yangon ၏ Fellowship အစီအစဉ်ကို ယခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ထည့်သွင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဘားကမ့်ရန်ကုန် ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

“Fellowship အစီအစဉ်မှာ ပါဝင်လိုတဲ့သူတွေအနေနဲ့ ဇန်နဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှာ စတင် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒီနှစ်အတွက် အယောက်သုံးဆယ် ရွေးချယ်သွားမယ်” ဟု ဘားကမ့်ရန်ကုန် ဖြစ်မြောက်ရေးကော်မတီမှ ဦးမင်းဦးက ပြောသည်။

Fellowship အစီအစဉ်တွင် ပါဝင်သူများအနေဖြင့် ရန်ကုန်ဘားကမ့် အစီအစဉ်များတွင် ပူးပေါင်းပါဝင် လုပ်ကိုင်ခွင့်အပြင် နေစရိတ်၊ စားစရိတ်၊ လမ်းစရိတ် အစရှိသည်တို့ကို ဘားကမ့်ရန်ကုန် မှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ် အသေးစိတ်ကို ဘားကမ့်ရန်ကုန်၏ ဝက်ဘ်ဆိုက်နှင့် ဖေ့စ်ဘုတ်စာမျက်နှာများတွင် အသေးစိတ် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“လျှောက်ထားလာမှုအပေါ် စိစစ်ပြီး ရွေးချယ်သွားမှာပါ၊ မနှစ်က Fellowship အစီအစဉ်မှာ ပါဝင်ဖူးတဲ့ သူတွေတော့ မဖြစ်ရဘူး။ ရန်ကုန်မှာနေတဲ့သူလည်း မဖြစ်ရဘူး” ဟု ဦးမင်းဦးက ဆက်လက် ပြောကြားသည်။