Uber တွင် ရင်းနှီးမြှုပ်နှံသွားမည်ဟု Baidu အတည်ပြု

Baidu-and-Uber.jpg

တရုတ်နိုင်ငံ အခြေစိုက် search engine ကုမ္ပဏီ Baidu သည်အငှားယာဉ် ဝန်ဆောင်မှုပေးသည့် Uber ကုမ္ပဏီတွင် မြေပုံစနစ်နှင့် မိုဘိုင်းရှာဖွေမှု app များကို ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ သို့သော်လည်း Baidu က Uber တွင် ရင်းနှီးမြှုပ်နှံမည့် ပမာဏအတိအကျကို မဖော်ပြခဲ့ပေ။

လက်ရှိတွင် Uber ကုမ္ပဏီသည် အငြင်းပွားမှုများစွာဖြင့် ရင်ဆိုင်နေရသော်လည်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က စိတ်အားတက်ကြွဖွယ် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ Baidu သည် Uber တွင် ရင်းနှီးမြှုပ်နှံရန် သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြောင်း ကုမ္ပဏီများ အသီးသီးက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ကုမ္ပဏီများက Baidu ၏ မြေပုံစနစ်နှင့် မိုဘိုင်းရှာဖွေမှု app များကို Uber ဝန်ဆောင်မှုတွင် ထည့်သွင်းသွားမည် ဖြစ်သောကြောင့် လူများအနေဖြင့် ယာဉ်များကို အဆင်သင့် တွေ့ရှိနိုင်မည် ဖြစ်သည်။ Baidu ၏နည်းပညာများသည် တရုတ်နိုင်ငံရှိ မြို့ ၉ ခုတွင် လုပ်ကိုင်နေသော  Uber  ကုမ္ပဏီ၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ ကုမ္ပဏီများ၏ ထုတ်ပြန်ချက်များအရ Baidu ၏

မိုဘိုင်းရှာဖွေမှု လစဉ်သုံးစွဲသူ သန်း ၅၀၀ ကျော်အပြင် Baidu မြေပုံကိုသုံးစွဲသူ သန်း ၂၄၀ ကျော်ရှိကြောင်း သိရသည်။ ထို့အပြင် Baidu သည် တရုတ်အစိုးရ၏ အားပေးမှုကို ရရှိထားသောကြောင့်  Uber အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ အစိုးရများ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် စိုးရိမ်မှုများကို လျှော့ချပေး နိုင်မည်ဖြစ်သည်။

ပြီးခဲ့သည် ရက်သတ္တပတ် အနည်းငယ်က Uber သည် စပိန်နှင့် အိန္ဒိယနိုင်ငံ ဒေလီမြို့တို့တွင် ပိတ်ပင်ခံခဲ့ရပြီး ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်အမျိုးမျိုးတွင် တရားမဝင် လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအဖြစ် သတ်မှတ်ခံခဲ့ရသည်။

Ref : CNET