7Book Zay အွန်လိုင်းစာအုပ်ဆိုင်မိတ်ဆက်ပွဲနှင့် အတူကျင်းပသည့် Online Book Fair ကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ပြုလုပ်မည်

အွန်လိုင်းပေါ်မှတစ်ဆင့် စာအုပ်၊ eBook နဲ့ AudioBook များ တစ်နေရာတည်းမှ အစုံရစေမယ့် 7Book Zay အွန်လိုင်းစာအုပ်ဆိုင်ဖြစ်တဲ့ https://7bookzay.com ကို Information Matrix Co., Ltd. မှ ဇန်နဝါရီ ၂၁ ရက်က အွန်လိုင်းမှတစ်ဆင့် မိတ်ဆက်ခဲ့ပြီး အဆိုပါမိတ်ဆက်ပွဲနှင့် အတူကျင်းပတဲ့ Online Book Fair ကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

စီးပွားရေးကဏ္ဍအသီးသီးမှာ အရှိန်အဟုန်နဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးကို ဦးတည်ရွေ့လျားနေကြသလို ဝယ်ယူသူများမှလည်း အွန်လိုင်းပေါ်မှ စျေးဝယ်ယူသည့် အလေ့အထများကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာကြကြောင်း၊ ပြောင်းလဲလာသည့် ခေတ်ရေစီးကြောင်းနှင့်အညီ စီးပွားရေးကဏ္ဍအသီးသီးမှာ မိမိတို့ ထုတ်ကုန်များ ရောင်းချခြင်း၊ ရောင်းအားကောင်းအောင် ဆောင်ရွက်ခြင်းများကို Traditional Channel ဖြင့်သာမက အွန်လိုင်းချန်နယ်များဖြင့် လုပ်ကိုင်ရန် လိုအပ်လာသည့်အတွက် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ စာအုပ်ထုတ်ဝေရေးလုပ်ငန်းရှင်များ၊ စာအုပ်စာစောင်ဖြန့်ချိရောင်းချသူလုပ်ငန်းရှင်များ၊ စာပေလောကမှ ပညာရှင်ကြီးများ၏ အကြံပေးချက်များနှင့်အညီ အွန်လိုင်းစာအုပ်ဆိုင်ဖြစ်သည့် https://7bookzay.com ကို ကြိုးစားအကောင်အထည်ဖော် လုပ်ဆောင်ထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“ 7Book Zay Online Bookstore ဆိုတာက စာအုပ်ထုတ်ဝေသူတွေ စာအုပ်စာစောင်ဖြန့်ချိသူတွေနဲ့ စာဖတ်ပရိသတ်များ၊ စာရေးဆရာများကြားမှာ ပေါင်းကူးတံတားအသွင်ရပ်တည်နေမယ့် အွန်လိုင်းစာအုပ်အရောင်းဆိုင်ကြီး တစ်ခုပါ။ 7Book Zay Online Bookstore ကို www.7bookzay.com ကနေ ဝင်ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။ မြန်မာ၊ အင်္ဂလိပ် ဘာသာ နှစ်မျိုးနဲ့ လွှင့်တင်ထားပါတယ်။ စာဖတ်ပရိသတ်တွေ အနေနဲ့ 7Book Zay Online Bookstore ရဲ့ မူလစာမျက်နှာထက်ကနေ အရောင်းရဆုံးစာအုပ်တွေ၊ အသစ်ထွက်စာအုပ်တွေ၊ အတန်ဆုံးလျှော့စျေးနဲ့ ရောင်းချထားရှိတဲ့ စာအုပ်တွေကို မိမိတို့ စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကလောင်ရှင်အကြိုက်၊ စာရေးဆရာများအခန်းကဏ္ဍ အလိုက် ခင်းကျင်းထားရှိတဲ့ စာအုပ်တွေကိုပါ လွယ်ကူစွာ ရွေးချယ်ဝယ်ယူသွားနိုင်မှာ ဖြစ်ပါတယ်”လို့ Information Matrix Co., Ltd. မှ စီအီးအို ဦးသောင်းစုငြိမ်းက ပြောပါတယ်။

7Book Zay Online Bookstore ကို လက်ရှိအချိန်မှာ စာအုပ်တိုက် ၁၇ တိုက်နဲ့ လက်တွဲလုပ်ကိုင်လျက်ရှိပြီး အွန်လိုင်းစာအုပ်ဆိုင်ဖွင့်လှစ်ရန်အတွက် စာအုပ်ထုတ်ဝေသူများ၊ စာအုပ်စာစောင်ဖြန့်ချိသူများအားလုံးကို လည်း ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

“7Book Zay Online Bookstore မှာ စာအုပ်ထုတ်ဝေသူတွေက မိမိတို့စာအုပ်တိုက်အမည်နဲ့ ကိုယ်ပိုင်အွန်လိုင်းစာအုပ်ဆိုင် ဖွင့်လှစ်သွားနိုင်မှာ ဖြစ်ပါတယ်။ ဖွင့်လှစ်ထားရှိတဲ့ အွန်လိုင်း စာအုပ်ဆိုင်ကို မိမိတို့ စိတ်ကြိုက် စီမံခန့်ခွဲနိုင်မှာ ဖြစ်သလို အွန်လိုင်းစာအုပ်ဆိုင်မှာ ခင်းကျင်း ပြသထားရှိမယ့် စာအုပ်ဆိုင်ရာအချက်အလက်တွေကို ကိုယ်တိုင်ထည့်သွင်းနိုင်ပြီး စာအုပ်အမှာစာများ ရောက်ရှိလာပါကလည်း အချိန်နဲ့ တစ်ပြေးညီ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဖွင့်လှစ်ထားရှိတဲ့ အွန်လိုင်းစာအုပ်ဆိုင်ကို စီမံခန့်ခွဲဖို့ လူအင်အားအရသော်လည်းကောင်း၊ နည်းပညာပိုင်းအရ သော်လည်းကောင်း အခက်အခဲ ရှိပါကလည်း 7Book Zay အဖွဲ့သားများက ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိနေပါတယ်” လို့ ထပ်မံပြောကြားခဲ့ပါတယ်။

7Book Zay Online Bookstore မိတ်ဆက်ပွဲ အခမ်းအနားနှင့်အတူ Online Book Fair ကို 7Book Zay Online Bookstore နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ စာအုပ်တိုက်တွေနဲ့ ပူးပေါင်းပြီး ဇန်နဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၂၁ ရက်အထိ တစ်လတိတိ ကျင်းပသွားမှာဖြစ်ပြီး Online Book Fair တွင် စာအုပ်များကို မူရင်းစျေးမှ အများဆုံး ၄၀ ရာခိုင်နှုန်း အထိ လျှော့စျေးများဖြင့် ရောင်းချပေးသွားမှာဖြစ်သလို မြန်မာပြည်အနှံ့ အမှာစာတွေကို စာတိုက်မှ တစ်ဆင့် ပို့ဆောင်ခ အခမဲ့နဲ့ ပေးပို့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ