Mobile Payment စနစ် မတွင်ကျယ်သေးသောကြောင့် အွန်လိုင်းစီးပွားရေး လုပ်ငန်းများ ငွေပေးချေမှု ကဏ္ဍတွင် အခက

url3.jpg

အွန်လိုင်းမှ ဈေးဝယ်ယူနိုင် သည့် Online Shopping လုပ်ငန်း လုပ်ကိုင်သူများ ယခုနှစ်အတွင်း သိသိသာသာ တိုးတက် များပြားလာ နေသော်လည်း အဆိုပါ လုပ်ငန်းများသည် မိုဘိုင်းဖုန်း မှ ငွေပေးချေနိုင်သည့် Mobile Payment စနစ် မရှိသေးသောကြောင့် အခက်တွေ့နေကြကြောင်း စုံစမ်းသိရသည်။

ဘဏ်လုပ်ငန်းများနှင့် ချိတ်ဆက်ထားပြီး ငွေပေးချေခြင်းကိစ္စများကို ဆောင်ရွက်နိုင်သည့်  Mobile  Payment  စနစ်အကောင်အထည် မပေါ်သေးခြင်းကြောင့် Online Shopping လုပ်ငန်း လုပ်ကိုင်သူများသည် မကြာခဏ ဆိုသလို ဝယ်ယူသူများနှင့် ဆက်ဆံရေးတွင် အခက်အခဲ အချို့တွေ့ကြုံနေကြရကြောင်း သိရသည်။

“အွန်လိုင်းပေါ်က စီးပွားရေး လုပ်ငန်းတွေက ဒီနှစ်ထဲမှာခေတ်စားလာတယ်။ လူသိမြန်တယ်။ အချိန်တိုအတွင်း ထိုးဖောက်နိုင်တယ်။ အဓိကကြုံနေရတာ အင်တာနက်မြန်နှုန်း အခြေအနေရယ် မိုဘိုင်းဖုန်းက ငွေပေးချေလို့ရတဲ့ စနစ်တွေ မရှိသေးတာဘဲ။ မိုဘိုင်း ငွေပေးချေတဲ့စနစ်က မရှိသေးတော့ ဝယ်ယူသူတွေနဲ့ ငွေအပေးအယူ ကိစ္စတွေမှာ အခက်အခဲတွေကြုံရတာမျိုးရှိတယ်” ဟု Birthday Delivery Online ဝန်ဆောင်မှု လုပ်ငန်းမှ ကိုသက်ဦးဇာနည်က ပြောကြားသည်။

အင်တာနက်ဆက်သွယ်မှု၊ ဘဏ်လုပ်ငန်းများနှင့် ချိတ်ဆက်ထားပြီး မိမိ၏ မိုဘိုင်းဖုန်းပေါ်မှပင် ငွေပေးချေမှု ပြုလုပ်နိုင်သည့် Mobile Payment စနစ်မတွင် ကျယ်သေးသောကြောင့် အဆိုပါ အွန်လိုင်းပေါ်မှ  စီးပွားရေး လုပ်ငန်း အများစုသည် ဝယ်ယူအားပေးသူများနှင့် ငွေပေးချေမှုကဏ္ဍအတွက် ပုဂ္ဂလိက အမြန်ချောပို့ လုပ်ငန်းများနှင့် ချိတ်ဆက် လုပ်ကိုင်နေ ရကြောင်း ပြောကြား သည်။

“အဲ့ဒီအတွက် ကျသင့်တဲ့ ဝန်ဆောင်ခက ဝယ်ယူသူဘက်ကပဲ ပေးရတာဆိုပေမယ့် ဝယ်ယူသူ အချို့က ပစ္စည်း လက်ခံရရှိတဲ့ အခါမှာ ကြိုက်နှစ်သက်မှုမရှိတော့လို့ ငြင်းပယ်တယ်ဆိုတဲ့ကိစ္စတွေက မကြာခဏကြုံရတယ်။ အဲ့ဒီလိုအချိန်မှာ ငွေပေးချေမှုက မလုပ်ရသေးတော့ ဝယ်ယူသူဘက်ကငြင်းလို့ ရတယ်ပေါ့။ အဓိကပြဿနာက ကြိုတင်ငွေပေးချေမှုစနစ်လို၊ မိုဘိုင်းငွေပေးချေမှု စနစ်လို မရှိတာကြောင့်လို့ ထင်ပါတယ်” ဟု Celebrity Online Fashion လုပ်ငန်းမှတာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောကြားသည်။

အွန်လိုင်းပေါ်မှ အရောင်းအဝယ်ပြုလုပ်သည့် စီးပွားရေးလုပ်ငန်းအများစုမှာ ဝယ်ယူသူထံ ပစ္စည်းအရောက် ပို့ဆောင်ပြီးမှသာကျသင့်ငွေကိုရရှိကြခြင်းဖြစ်သည်။ သို့သော်အချို့သော လုပ်ငန်းများသည် ဝယ်ယူသူထံမှ ကျသင့်ငွေကို ဘဏ်များမှ တစ်ဆင့် ဦးစွာလက်ခံရရှိပြီးမှသာ မှာယူသည့် ပစ္စည်းများကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးကြကြောင်း သိရသည်။

ယင်းအခြေအနေမှာ Mobile Payment ကဲ့သို့  နည်းပညာနှင့် ဆက်စပ်နေသည့်စနစ်တစ်ခု မ တွင်ကျယ် သေးခြင်းကြောင့်ဟု အဆိုပါ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများက ဆိုကြသည်။

ပြည်တွင်း၌ အင်တာနက်ဆက်သွယ်မှုနှင့် ချိတ်ဆက်ထားသော Online Payment ဝန်ဆောင်မှုများမှာ အနည်းငယ်မျှသာ ရှိသေးပြီး အဆိုပါ ဝန်ဆောင်မှုများသည် ပုဂ္ဂလိကဘဏ်အချို့ မှ ပြုလုပ်ပေးကြခြင်း ဖြစ်သည်။ ထို့ကြောင့် အွန်လိုင်းမှ မီတာခများ၊ ဖုန်းပြောဆိုခများကို ပေးချေနိုင်သည့် ဝန်ဆောင်မှုများအား သုံးစွဲသူများမှာ အနည်းအကျဉ်းသာ ရှိသေးခြင်းဖြစ်သည်။

“ကျွန်မတို့လိုလူငယ်တွေကတော့ အွန်လိုင်းရှော့ပင်းတွေ ပေါ်လာတာ အရမ်းကြိုက်တယ်။ ဒါပေမဲ့ ငွေပေးရမယ့်အပိုင်းမှာ အဆင်မပြေဘူး။  ကိုယ်တိုင်ကလည်း ပစ္စည်းမြင်ပြီးမှ စောဒက တက်ချင်တာမျိုး ရှိတယ်။ အဲ့ဒီအတွက်မိုဘိုင်း ငွေပေးချေမှုလို စနစ်မျိုးတွေ ပေါ်လာစေချင်တယ်။ အဲ့ဒီအတွက် အခြေခံဖြစ်တဲ့ အင်တာနက် ဆက်သွယ်မှုကလည်း အကောင်းဆုံး ဖြစ်နေဖို့ လိုပါတယ်” ဟု အသက် ၂၃ နှစ်အရွယ်ရှိ ပုဂ္ဂလိကကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက သူမ၏ထင်မြင်ချက်ကိုပြောကြားသည်။

မိုဘိုင်းဖုန်းပေါ်မှလည်းကောင်း၊ အွန်လိုင်းပေါ်မှ လည်းကောင်း စီးပွားရေးဆိုင်ရာငွေပေးချေခြင်း ကိစ္စရပ်များအတွက် Mobile  Payment၊ Online Payment ကဲ့သို့ ဝန်ဆောင်မှုများ မတွင်ကျယ် ရသေးခြင်းမှာ အင်တာနက် ဆက်သွယ်မှု မြန်နှုန်းများ သိသိသာသာ တိုးတက်မလာသေးခြင်းကြောင့် ဖြစ်ကြောင်း အဆိုပါစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများက ဝေဖန်သုံးသပ်ကြသည်။

၂၀၁၃ ခုနှစ်မှစတင်၍ ပြည်တွင်း Facebook  သုံးစွဲသူများကြားတွင် ခေတ်စားလာသော အွန်လိုင်း စီးပွားရေး လုပ်ငန်းများသည် ယခုနှစ်အစောပိုင်းတွင် သိသိသာသာ များပြားလာခဲ့ပြီး ယခု လက်ရှိ အချိန်တွင် အဆိုပါ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့် စာမျက်နှာအရေအတွက်သည် အရေအတွက်အားဖြင့် ၁၀၀ ဝန်းကျင် ခန့်ရှိလာပြီ ဖြစ်သည်။