ဘားကမ့်မအူပင် ၂၀၁၈ ကျင်းပမည်

ဘားကမ့်မအူပင် ၂၀၁၈ ကို ဇန်နဝါရီလ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ နံနက် ၈ နာရီ မှ ညနေ ၅ နာရီအထိ မအူပင်တက္ကသိုလ်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဘားကမ့်မအူပင် ၂၀၁၈ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ မအူပင်မြို့ရှိ မြို့ခံလူထုနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို နယ်ပယ်အစုံရဲ့ အသိပညာဗဟုသုတများအား တစ်နေရာထဲမှာ လေ့လာစေချင်တဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒီပွဲမှာ ဆွေးနွေးပွဲတွေနဲ့ လူငယ်တွေအတွက် တိုးတက်စေမယ့် activity လေးတွေ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ ပွဲမှာပါဝင်တဲ့ ထူးထူးခြားခြား အစီအစဉ်လေးတွေအနေနဲ့ ညနေဆွေးနွေးပွဲ အချိန်တွေပြီးသွားတဲ့အခါမှာ အခြားပျော်ရွှင်စရာ အစီအစဉ်လေးတွေ စီစဉ်ပေးထားမှာ ဖြစ်တယ်လို့ ဘားကမ့်မအူပင် ၂၀၁၈ ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဘားကမ့် မအူပင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို https://www.facebook.com/barcampmaubin/ မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

BarCamp ဆိုတာကတော့ ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ တက်ရောက်လာသူတွေရဲ့ ကျွမ်းကျင်ရာ အသိပညာပိုင်းဆိုင်ရာ အတတ်ပညာပိုင်း ဆိုင်ရာတွေကို တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်း ဆွေးနွေးဟောပြောနိုင်ဖို့ စီစဉ်ဖန်တီးပေးမယ့် အခမ်းအနား တစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာမှာ တွင်ကျယ်လာတဲ့နည်းတူ မြန်မာနိုင်ငံမှာလည်း ပထမဦးဆုံး BarCamp ကို ၂၀၁၀ ခုနှစ်က ရန်ကုန်မြို့မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုကျင်းပခဲ့ရာမှာ အရှေ့တောင်အာရှ တစ်ဝှမ်း အအောင်မြင်ဆုံးအခမ်းအနား တစ်ရပ်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ဘားကမ့်ရန်ကုန်၊ ဘားကမ့်မန္တလေး၊ ဘားကမ့်တောင်ကြီး၊ ဘားကမ့်ပုသိမ်၊ ဘားကမ့်လာရှိုး၊ ဘားကမ့်ပြည်၊ ဘားကမ့်ပခုက္ကူ စသည်ဖြင့် မြို့အပေါ်လိုက်ပြီး ကျင်းပခဲ့ကြတာဖြစ်ပြီး အခုအခါမှာ ဘားကမ့် မအူပင်ဆိုပြီး ကျင်းပတာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း မြို့တွေမှာ ကျင်းပလာခဲ့တာကြောင့် အချို့မြို့တွေမှာဆိုရင် လေးငါးကြိမ်လောက်အထိ ရှိခဲ့ပြီဖြစ်ပါတယ်။

BarCamp တွေကို နေရာအနှံ့ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်တွေကတော့ နယ်ပယ်ပေါင်းစုံရှိ ဝါသနာတူတွေ၊ စိတ်တူကိုယ်တူတွေ တွေ့ဆုံ၊ မိမိအသိပညာ၊ အတတ်ပညာတွေမျှဝေကာ ဆွေးနွေးသွားစေပြီး အတူယှဉ်တွဲပူးပေါင်းသွားနိုင်ဖို့၊ အိုင်တီ နည်းပညာပိုင်းဆိုင်ရာ သာမက အခြားသော လူမှုရေး၊ ပညာရေး၊ စီးပွားရေး စသဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာပြီး အတွေးသစ်၊ အမြင်သစ်များဖြင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ