အောင်မြင် ကျော်ကြားသူ (၁၀) ဦးနှင့် ၎င်းတို့ နှစ်သက်သော နည်းပညာများ

ashton-kutcher2.jpg

နည်းပညာများသည် လျင်မြန်သော အရှိန်အဟုန်ဖြင့် တိုးတက်နေသော်လည်း gadget ထုတ်ကုန်များနှင့်အတူ ၎င်းတို့၏ ကုန်ကျစရိတ်များသည်လည်း မြင့်တက်နေလျက်ရှိသည်။ နည်းပညာ ထုတ်ကုန်တစ်ခု၏ ဈေးနှုန်းသည် လူကြိုက်များမှုအပေါ် မူတည်နေသည်။ လူများစွာသည် နည်းပညာသစ်ပစ္စည်းများကို ကြိုက်နှစ်သက်သော်လည်း gadget အသစ်များဝယ်ယူရန် အကုန်အကျမခံနိုင်ပေ။ ထို့အတွက် နည်းပညာ ထုတ်ကုန်များကို ဝယ်ယူခြင်းအစား တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြသည်။

အခြား သာမန်လူများကဲ့သို့ပင် အောင်မြင်ကျော်ကြားသူများသည်လည်း နည်းပညာသစ်များကို နှစ်သက်ကြသည်။ ၎င်းတို့နှင့် အခြားသာမန်လူများ၏ ခြားနားမှုမှာ နည်းပညာထုတ်ကုန်များကို ငွေကြေး စိတ်ကြိုက်သုံးစွဲ၍ ဝယ်ယူနိုင်ခြင်းဖြစ်သည်။ အောင်မြင်ကြော်ကြားသူ အများစုသည် gadget သစ်များကို ဝယ်ယူစုဆောင်းကြသလို နည်းပညာကဏ္ဍတွင် အဓိကနေရာများ၌ လှုပ်ရှားနေလျက်ရှိကြသည်။

(၁၀) John Mayer

အဆိုတော်နှင့် သီချင်းရေးဆရာ တစ်ဦးဖြစ်သူ ဂျွန်မေယာသည် Twitter ကို အလွန်အကျွံ အသုံးပြုကာ လူမှုရေးမီဒီယာအတွင်း အထိန်းအချုပ်မရှိဘဲ ပြောဆိုတတ်သောကြောင့် ဝေဖန်မှုများလည်း ရင်ဆိုင်ခဲ့ရသည်။ ထိုအကြောင်းများကြောင့် ၎င်းသည် လူမှုရေးမီဒီယာကို အသုံးပြုခြင်းမှ ရပ်ဆိုင်းခဲ့သည်။ သို့ရာတွင် ဂျွန်မေယာသည် Twitter ကို အသုံးမပြုတော့သော်လည်း ၎င်း၏ Tumblr account တွင် ဓာတ်ပုံများ တင်လေ့ရှိသည်။ ယခုအခါတွင် ၎င်းသည် Twitter ကိုပင် ပြန်လည်သုံးစွဲနေပြီ ဖြစ်ကြောင်း ဆိုသည်။

မေယာသည် Twitter ကို အသုံးပြုခြင်းဖြင့် ၎င်းကို နည်းပညာစွဲလမ်းသူဟု ခေါ်ဆို၍ မရနိုင်ပေ။ Apple အမှုဆောင် အရာရှိချုပ်ဟောင်း စတိဗ်ဂျော့ဘ်နှင့် မေယာတို့သည် နီးစပ်မှုအရှိဆုံး သူငယ်ချင်းများ ဖြစ်ကြပြီး မေယာက Apple ၏ ပြိုင်ဘက် BackBerry အတွက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးအဖြစ် လက်မှတ်ထိုးပြီးနောက် ၎င်းတို့နှစ်ဦးမှာ ခပ်ခွာခွာ ဖြစ်သွားခဲ့သည်။ ထို့အပြင် မေယာ၏ Apple ထုတ်ကုန်များနှင့် ရင်းနှီးကျွမ်းဝင်မှုသည်လည်း ၎င်း၏ ဗွီဒီယိုများ ထွက်ပေါ်လာသည့်အခါတွင် လူကြည့်ရှုနှုန်းများစေခဲ့သည်။ မေယာ၏ ဗွီဒီယိုများကို ဝက်ဘ်ဆိုက်တွင် လူကြည့်ရှုနှုန်းများစေရန် ၎င်းဖခင်က နည်းပညာအကူအညီဖြင့် ထောက်ပံ့ပေးခဲ့သည်။

(၉) Bono

နည်းပညာသစ်များကို နှစ်သက်သည့် အခြားဂီတပညာရှင် တစ်ဦးမှာ U2 အဖွဲ့မှ အဆိုတော် ဘိုနို ဖြစ်သည်။ နည်းပညာသစ်များကို နှစ်သက်သူ ဘိုနိုသည် Yelp, Facebook နှင့် Dropbox တို့တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အေဂျင်စီ Elevation Partners ကို တွဲဖက်တည်ထောင်ထားသူ တစ်ဦးလည်း ဖြစ်သည်။ ၎င်းကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု အစုစုသည် အလွန်အမင်း အောင်မြင်မှုများ ရရှိနေပြီး ဝင်ငွေအနေဖြင့် ဒေါ်လာသန်းပေါင်းများစွာ ရရှိနေသည်။ ထို့အပြင် ဘိုနိုသည် Facbook အတွက် music app များပြုလုပ်ရာတွင် စတင်တွေ့ဆုံခဲ့သည့် Dropbox တည်ထောင်သူများနှင့်လည်း အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသူဖြစ်သည်။ ပရဟိတအလုပ်များကို ဝါသနာပါသူ ဘိုနိုသည် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနှင့် လူမှုရေး မညီမျှမှုများကို တိုက်ဖျက်ရန် နည်းပညာ၏ အခန်းကဏ္ဍကြီးမားပုံကို မိန့်ခွန်းရှည်ကြီးများဖြင့် ပြောကြားခဲ့သေးသည်။

(၈) M.C.Hammer

၁၉၉၀ ခုနှစ်များက နာမည်ကျော် ရက်ပ်ကြယ်ပွင့်တစ်ဦးဖြစ်သည့် အမ်စီဟမ်းမားသည် သီချင်းများကို နည်းပညာဖြင့် ပေါင်းစပ်၍ ဖန်တီးခဲ့သည်။ ထို့ကြောင့် ဟမ်းမားသည် ၁၉၉၀ ခုနှစ်များတွင် အလျင်အမြန် နာမည်ကျော်ကြားခဲ့သော်လည်း ဘဏ္ဍာရေးအကျပ်အတည်းများနှင့် ကြုံတွေ့ခဲ့ရသည်။ ယခုအခါတွင် ၎င်းသည် အင်တာနက်ပေါ်တွင် လှုပ်ရှားမှုပြုလုပ်၍ ကျော်ကြားမှု ပြန်လည်ရရှိရန် ကြိုးပမ်းလျက်ရှိသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က ဟမ်းမားသည် နည်းပညာနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများကို တက်ရောက်လျက်ရှိပြီး အင်တာနက်ကို ဂီတအတွက် platform တစ်ခုဖြစ်လာရန် စဉ်းစားနေသည်။ ၎င်းသည် အကသမားများအတွက် YouTube နှင့်ဆင်တူသော ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကို တည်ထောင်ထားခဲ့သော်လည်း ယခုအခါတွင် အဆိုပါဝက်ဘ်ဆိုက်ကို ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ပေ။ ဟမ်းမားသည် နည်းပညာကုမ္ပဏီများအတွက် ကြော်ငြာအစီအစဉ်များ မြှင့်တင်ပေးခြင်းဖြင့် လူသိများလျက်ရှိကာ လူမှုရေးမီဒီယာ ခေါင်းစဉ်ဖြင့် စတမ်းဖို့ဒ်တက္ကသိုလ်တွင် ဟောပြောခဲ့မှုမှာလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။

(၇) Tim Ferris

နာမည်ကျော် စာရေးဆရာဖြစ်သူ တင်မ်ဖာရစ်သည်လည်း နည်းပညာစွဲလမ်းသူ တစ်ဦးဖြစ်သည်။ ၎င်း၏ ကျော်ကြားသော စာအုပ်များဖြစ်သည့် The 4-hour Workweek နှင့် The 4-Hour Body တို့သည် ဖာရစ်အား အွန်လိုင်း စွန့်ဦးတီထွင်ကမ္ဘာထဲတွင် အထင်ကရတစ်ဦးဖြစ်စေခဲ့သည်။ ဖာရစ်၏လုပ်ငန်းသည် ဝက်ဘ်အခြေစိုက် ကျန်းမာရေးဆိုင်ရာ ကုမ္ပဏီ BrainQUICKEN နှင့်အတူ အွန်လိုင်းတွင် စတင်လုပ်ကိုင်ခဲ့သည်။ ၎င်း၏လုပ်ငန်း တိုးတက်လာသည်နှင့်အမျှ ဖာရစ်သည် ငွေကြေးများရယူကာ ဝက်ဘ်ကုမ္ပဏီများ စတင်တည်ထောင်ခဲ့သည်။ ဖာရစ်တည်ထောင်ခဲ့သည့် ကုမ္ပဏီအချို့သည် Facebook, Twitter နှင့် Evernote အပါအဝင် အခြားလုပ်ငန်းများတွင် အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ကြသည်။

(၆) Justin Timberlake

အဆိုတော် ဂျပ်စတင်တင်မ်ဘာလိတ်ခ်သည် အွန်လိုင်းစွန့်ဦးတီထွင်သူ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး နည်းပညာကမ္ဘာတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်လေ့ရှိသည်။ ၎င်းသည် အွန်လိုင်းကုမ္ပဏီ အနည်းငယ်တွင် ဒေါ်လာသန်းနှင့်ချီ၍ ရင်းနှီးမြှုပ်နှံခဲ့သည်။ ဓာတ်ပုံဆရာများက ၎င်းတို့ဓာတ်ပုံများကို ရောင်းချနိုင်သော Stipple ကဲ့သို့သော ကုမ္ပဏီများနှင့် ဂီတပညာကိုများကို သင်ကြားနိုင်သည့် Miso Media အဖွဲ့တွင် ဂျပ်စတင်တင်မ်ဘာလိတ်ခ်သည် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။ သို့သော်လည်း Miso Media ကိုတင်မ်ဘာလိတ်ခ်မှ ရန်ပုံငွေ အလုံအလောက် မရရှိတော့သောကြောင့် လုပ်ငန်းရပ်ဆိုင်းခဲ့သည်။

တင်မ်ဘာလိတ်ခ်သည် လူမှုရေးမီဒီယာဟောင်း Myspace တွင်တာဝန်ယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့သေးသည်။ သို့သော်လည်း Myspace သည် Facebook နှင့် Twitter ကဲ့သို့သော ပြိုင်ဘက်များကြောင့် လုပ်ငန်းရပ်ဆိုင်းသွားခဲ့ရသည်။ တင်မ်ဘာလိတ်ခ်နှင့် အကျိုးတူပူးပေါင်းသူများသည် Myspace တွင်ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်၍ ၎င်းလူမှုရေးမီဒီယာကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းခဲ့ကြကာ တေးဂီတပညာရှင်နှင့် ၎င်းတို့ပရိသတ်များအတွက် အထူးပြုလုပ်ထားသော နေရာအဖြစ် အသွင်ပြောင်းလဲခဲ့သေးသည်။

(၅) Will.i.am

အခြားနည်းပညာကို အရူးအမူးစွဲလမ်းသူတစ်ဦးမှာ Black Eyed Peas အဖွဲ့မှ ရက်ပ်အဆိုတော် Will.i.am ဖြစ်သည်။ Will.i.am သည် ၎င်း၏နာမည် will.i.am ဟူသည့် အမည်ဖြင့် အင်တာနက်ပေါ်တွင် တစ်ခုတည်းသော ကိုယ်ပိုင် ဝက်ဘ်ဆိုက်ကို ဖန်တီးထားသည်။

၂၀၁၁ ခုနှစ်တွင် Will.i.am သည် semiconductor ချစ်ပ်ကုမ္ပဏီ Intel အတွက် ဖန်တီးမှုဒါရိုက်တာနေရာတွင် ခန့်အပ်ခံခဲ့ရသည်။ Will.i.am သည် နည်းပညာကဏ္ဍတွင် အမှန်တကယ် ဖန်တီးမှုများလည်း ပြုလုပ်ထားနိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ၎င်းသည် i.am+ foto.soho ဟုအမည်ရသည့် iPhone case ကိုဖန်တီးခဲ့ပြီး အဆိုပါ case တွင် အနုပညာရှင်များအတွက် အရည်အသွေးမြင့် ကင်မရာအဖြစ်ပြောင်းလဲနိုင်သည့် မှန်ဘီလူးများ ပါဝင်သည်။ ထို့အပြင် ၎င်းသည် ယခုနှစ် အောက်တိုဘာလက Puls ဟုခေါ်သည့် စမတ်နာရီတစ်မျိုးကိုလည်း မိတ်ဆက်ပေးခဲ့သည်။

(၄) Shaquille O’neal

ရှာကွယ်လီအိုနီးလ်သည် ကမ္ဘာတစ်ဝန်းမှ အသိအမှတ်အပြုအခံရဆုံး အားကစားသမားများအနက် တစ်ယောက် ဖြစ်သည့်အပြင် နည်းပညာကို ဝါသနာထုံသူ တစ်ဦးလည်း ဖြစ်သည်။ အဆိုပါ NBA ကြယ်ပွင့်ဟောင်း၏ အင်တာဗျူးတစ်ခုတွင် ၎င်းသည် တစ်ပတ်လျှင် app အသစ်များအတွက် ဒေါ်လာ ၁,၀၀၀ ခန့် သုံးစွဲကြောင်း ဝန်ခံပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ရှာကွယ်လီသည် ပထမဆုံးအကြိမ်အဖြစ် နည်းပညာညီလာခံ SXSW သို့ တက်ရောက်ခဲ့သည်။ ထိုညီလာခံမတက်ရောက်မီတွင် ကုမ္ပဏီများက ၎င်းတို့၏ ထုတ်ကုန်များအတွက် ရှာကွယ်လီကို ၁၅ မိနစ်ခန့် လာရောက် ရှင်းလင်းပြသပေးရန် ဖိတ်ခေါ်ခဲ့သေးသည်။ ရှာကွယ်လီ၏ ရင်းနှီးမြှုပ်နှံမှုများသည် နည်းပညာကဏ္ဍတွင် လူအများလေးစားလောက်ဖွယ် အနေအထားရှိနေသည်။ ရှာကွယ်လီသည် Google ကုမ္ပဏီကို အများပိုင်အဖြစ် မပြောင်းလဲမီက ရှယ်ယာများ ဝယ်ယူခဲ့သေးသည်။ ထို့အပြင် ၎င်းသည် လူမှုရေးမီဒီယာကုမ္ပဏီ Tout ၏ အကြံပေးအဖွဲ့တွင် နေရာတစ်ရာ ရယူထားသည်။

(၃) Curt Schilling

ရှာကွယ်လီအိုနီးလ်က သမင်အမဲလိုက်သည့် ဗွီဒီယိုဂိမ်းများနှင့် app များတွင် ဒေါ်လာထောင်ချီသုံးစွဲခဲ့သလိုပင် ဗွီဒီယိုဂိမ်းများကို အလွန်အမင်းစွဲလမ်းသူ နောက်တစ်ဦးမှာ MBL ကြယ်ပွင့် ကာ့ဒ်ရှယ်လင်း ဖြစ်သည်။ ရှယ်လင်းသည် အွန်လိုင်းဂိမ်း Everquest နှင့် Ultima Online ဂိမ်းများ၏ ပရိသတ်တစ်ဦးဖြစ်သည်။ ထို့အပြင် ရှယ်လင်းသည် Everquest ဂိမ်းကစားသူများတွင် လူချစ်လူခင်အများဆုံးလည်း ဖြစ်သည်။ အဆိုပါဂိမ်းတွင် ၎င်းသည် အခြားသူများကို လိုက်လံဖမ်းဆီးရသော ဗီလိန်နေရာမှ ပါဝင်ကစားလေ့ရှိသည်။

ရှယ်လင်း၏ ဗွီဒီယိုဂိမ်းများကို ကစားရုံသာမက ဘေ့စ်ဘောကစားသမားအဖြစ် အနားယူပြီးသည့်နောက် 38 Studios ဟုခေါ်သည့် ဂိမ်းစတုဒီယိုကို တည်ထောင်ခဲ့သည်။ ထို့နောက် fantasy စာရေးဆရာ R.A. Salvatore ကဲ့သို့ နာမည်ကျော်များဖြင့် ပူးပေါင်းကာ ၂၀၁၂ ခုနှစ်တွင် Kingdoms of Amalur: Reckoning ဂိမ်းကို ဖြန့်ချိခဲ့သည်။ ရှယ်လင်း၏အိပ်မက်မှာ အွန်လိုင်းဂိမ်းကမ္ဘာတစ်ခုကို ကိုယ်တိုင် တည်ဆောက်လိုခြင်းဖြစ်သည်။

သို့ရာတွင် ၎င်း၏ အိပ်မက်မှာ ပြီးမြောက်ခြင်း မရှိခဲ့ပေ။ ရှယ်လင်းပိုင်ဆိုင်သော 38 Studios သည် ဝန်ထမ်းများကို တစ်လခန့် လစာမပေးဘဲ အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းကြောင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။ ထိုသို့ဖြစ်ပွားခဲ့ရခြင်းမှာ ကုမ္ပဏီက Rhode ကျွန်းအာဏာပိုင်များမှ ငွေကြေးများ ချေးငှားကာ အချိန်မီ ပြန်လည် ပေးဆပ်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ထို့နောက် အဆိုပါ စတူဒီယိုကို ပိတ်သိမ်းခဲ့ပြီး ၎င်း၏ပိုင်ဆိုင်မှုများကို လေလံတင် ရောင်းချခဲ့ရသလို ရှယ်လင်းမှာလည်း Rhode ကျွန်းပြည်နယ်၏ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ ထိုကိစ္စရပ်များကြောင့် ရှယ်လင်း၏ ပိုင်ဆိုင်မှုများစွာ ဆုံးရူံးခဲ့ရသည်။

(၂) Ashton Kutcher

လူမှုရေးမီဒီယာများတွင် ဘုရင်တစ်ပါးဖြစ်သည့် အက်ရှ်တန်ကတ်ချာသည် ၂၀၀၉ ခုနှစ်တွင် follower ၁ သန်း ပြည့်ခဲ့သည့် ပထမဦးဆုံး Twitter သုံးစွဲသူဖြစ်လာခဲ့သည်။ ယခုစာရင်းတွင် ပါဝင်သည့်သူများကဲ့သို့ပင် ကတ်ချာသည် နည်းပညာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ၂၀၁၃ ခုနှစ်တွင် ၎င်း၏ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ A-Grade Investments မှ Skype, Foursquare, Vicarious နှင့် Secret ကဲ့သို့ ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။

Will.i.am ကဲ့သို့ပင် ကတ်ချာသည် နည်းပညာတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရုံသာမက နည်းပညာဖွံ့ဖြိုး တိုးတက်မှုတွင်လည်း ပါဝင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ကတ်ချာကို ကမ္ဘာ့အကြီးဆုံး ကွန်ပျူတာ ထုတ်လုပ်သည့် ကုမ္ပဏီ Lenovo က ထုတ်ကုန်အင်ဂျင်နီယာအဖြစ် ခန့်အပ်ခဲ့သည်။

(၁) Masi Oka

Heroes ဇာတ်လမ်းတွဲ ကြယ်ပွင့် မာဆီအိုကာသည် ယခုစာရင်းတွင် ပါဝင်သော အောင်မြင်ကျော်ကြားသူများအနက် နံပါတ်တစ် နေရာတွင် ရပ်တည်ခဲ့သည်။ ၎င်း၏ ဥာဏ်ရည်ပြကိန်း (IQ) သည် ၁၈၀ ခန့်ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သောကြောင့် ပါရမီရှင်တစ်ဦးဖြစ်နိုင်ဖွယ်ရှိသည်။ မာဆီအိုကာသည် Ivy League တွင် ပါဝင်သော ဘရောင်းတက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံဘွဲ့ကို ရယူခဲ့ပြီးနောက် ဖျော်ဖြေရေးလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့သည်။ မာဆီအိုကာသည် ဂျော့လူးကပ်စ်၏ ဒီဂျစ်တယ်အထူးပြုလုပ်ချက် စတူဒီယိုဖြစ်သော Industrial Light and Magic တွင် အထူးပြုလုပ်ချက်ပညာရှင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၎င်းသည် Star Wars, Terminator 3: Rise of the Machines, Hulk, War of the World နှင့် Pirates of the Carribbean: Dead Man’s Chest ကဲ့သို့သော ရုပ်ရှင်ဇာတ်ကားများအတွက် စီမံကိန်းများကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ထို့အပြင် အိုကာသည် ဗွီဒီယိုဂိမ်းနှင့် ပတ်သက်၍ စိတ်ဝင်စားမှုရှိသူ တစ်ဦးဖြစ်သောကြောင့် ၎င်း၏ သရုပ်ဆောင်လုပ်ငန်း အပြင် ဂျပန်ပရိသတ်များအတွက် ကိုယ်ပိုင်ဗွီဒီယိုဂိမ်းများကိုလည်း ဖန်တီးနေလျက်ရှိသည်။ အိုကာကမူ မိုဘိုင်းဂိမ်းများကို အဓိကဖန်တီးရန် စိတ်အားထက်သန်လျက်ရှိကြောင်း ဆိုထားသည်။

Ref: TheRichest