Appexpo ၌ အကောင်း ဆုံးသော App ကို ရွေးချယ်၍ ဆုချီးမြင့်မည်

IMG_8601.jpg

တတိယအကြိမ်မြောက် Appexpo ကို လာမည့်ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါပြပွဲအတွင်း ဝင်ရောက်ပြသကြ သော App များ အနက်မှ အကောင်းဆုံး App ကိုရွေးချယ်၍ဆုချီးမြင့်ခြင်း ပြုလုပ်သွားမည်ဟု သိရသည်။

“အများကြီးတော့မဟုတ်ဘူး။ ဒေါ်လာ ၅၀၀ ချီးမြင့်သွားဖို့ပါ။ မြန်မာနိုင်တစ်နိုင်ငံလုံးမှာ အကောင်း ဆုံးရယ်လို့တော့ ဆိုလိုတာ မဟုတ်ပါဘူး။ ပြပွဲထဲမှာရှိတဲ့ အကောင်းဆုံး ဆိုတာလောက် ကို ရွေးပြီးပေးတဲ့ သဘောပါ။ ပြိုင်ပွဲအတွက် ဖောင်တွေကိုလည်း အွန်လိုင်းပေါ်မှာ တင်ပေးသွားပါမယ်” ဟု Appexpo ကိုစီစဉ်သည့် Yangon Heartz Media မှစီအီးအိုဖြစ်သူ ကိုဇော်ဇော်မျိုးလွင်က ဆိုသည်။

Appexpo ကို MICT Park အတွင်းကျင်းပမည်ဖြစ်ပြီး အဓိက အားဖြင့် MIT ဆော့ဖ်ဝဲကုမ္ပဏီ နှင့် Samsung ကုမ္ပဏီတို့က ပံ့ပိုးကူညီထားသည်ဟု သိရသည်။ ပြည်တွင်းဈေးကွက်၌ နေရာ ရရှိနေ သည့် ကွန်ပျူတာ ဆော့ဖ်ဝဲများနှင့် မိုဘိုင်း အက်ပလီကေးရှင်းများကို ပြပွဲအတွင်း အဓိကထားပြသမည် ဖြစ်သော်လည်း ဈေးကွက်၌ မရရှိသေးသည့် အက်ပလီကေးရှင်း အသစ်များကိုလည်း မိတ်ဆက်သွားရန် စီစဉ်ထားသည်ဟု သိရသည်။

“ပြပွဲက ထုတ်ကုန်တွေကို လူအများသိအောင် ရည်ရွယ်ထားတဲ့ အပြင် ပြပွဲလာရောက်သူတွေ အကြား အချိတ်အဆက် ဖြစ်စေအောင် အဓိကရည်ရွယ်ထားတာပါ။ ပြပွဲမှာပြမယ့် တချို့ ထုတ်ကုန်တွေ ဆိုရင် ဈေးကွက်မှာမရှိသေးပါဘူး။ ပွဲမှာစတင်ပြီးတော့မှ မိတ်ဆက်ကြမှာပါ” ဟု ကိုဇော်ဇော်မျိုးလွင် ကဆိုသည်။

လက်ရှိအချိန်၌ ပြပွဲအတွင်း ဝင်ရောက်ပြသကြမည့် အက်ပလီ ကေးရှင်းများအရေအတွက်ကို တိကျစွာ မသိရှိရသေးသော်လည်း ပြသမည့်အက်ပလီကေးရှင်းများ၏ အမည်စာရင်းကို appexpo 2015.com တွင် အမြဲတင်ဆက်ပေးသွားမည်ဟု သိရသည်။ ပြပွဲအတွက် အခန်းအရေတွက်ကို ကန့်သတ်ထားသော်လည်း ထုတ်ကုန်ရှိပြီး ငွေကြေး အခက်အခဲရှိသူများ အတွက် အခမဲ့ပြခန်း များကိုလည်း စီစဉ်ပေးထားသည်ဟု သိရသည်။ App-expo ကို ၂၀၁၃ ခုနှစ်မှ စတင် ကျင်းပလာခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် ကျင်းပသွားနိုင်ရန် စဉ်းစားထားသည်ဟု သိရသည်။