Viber ဂိမ်းများကို ပြည်တွင်း၌ မကြာမီ ကစားနိုင်တော့မည်

Viber-Games_casino.jpg

ရုပ်သံခေါ်ဆိုခြင်း၊ စာတိုပို့ ခြင်း၊ အခမဲ့ဖုန်း ခေါ်ခြင်းစသည့် ဝန်ဆောင်မှုများ ပေးလျက်ရှိသော Viber သည် Social Game Plat-form အစီအစဉ် တစ်ရပ်ကို စတင်မိတ်ဆက် လိုက်ကြောင်း  သိရသည်။

Viber ၏ စတစ်ကာ ဇာတ်ကောင်များ ပါဝင်သော ဂိမ်းများကို Viber ပေါ်တွင် မကြာမီကစား နိုင်တော့မည် ဖြစ်ပြီး ပြည်တွင်းရှိ Viber အသုံးပြုသူများ အနေဖြင့်၂၀၁၅ ခုနှစ်နှစ်ဆန်း ပိုင်းတွင် ၎င်းဂိမ်းများကို ရယူဆော့ကစား နိုင်မည်ဖြစ်ကြောင်း Viber Myanmar မှသိရသည်။

“လက်ရှိကတော့ နိုင်ငံ ၅ နိုင်ငံမှာ ကစားနိုင်ပါပြီ။ ပြည်တွင်းမှာတော့ နောက်နှစ် ဇန်နဝါရီ လောက်တော့ စတင် အသုံးပြုနိုင်မှာပါ။ ဂိမ်းတွေကတော့ Viber ရဲ့ စတစ်ကာ ဇာတ်ကောင်တွေကို အသုံးပြုပြီး ဖန်တီးထားတဲ့ အွန်လိုင်းဂိမ်းတွေ ဖြစ်ပါတယ်။ မြန်မာပြည် အတွက်လည်း သီးသန့် မြန်မာမှု ပြုထားတဲ့ ဂိမ်းတွေကို သိပ်မကြာခင်မှာ ကစားနိုင်မှာပါ” ဟု Viber Myanmar မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

Viber ၏ အသုံးပြုမှု ကဏ္ဍကို ပိုမိုချဲ့ထွင် ရန်အတွက် ယခုကဲ့သို့ Viber ဂိမ်းများကို တီထွင်လိုက်ခြင်း ဖြစ်ကြောင်း Viber  ၏ CEO ဖြစ်သည့် Mr Talmond Marco ကပြောသည်။

“အခုလို ဂိမ်းသစ်တွေကို တီထွင်မိတ်ဆက် ပေးလိုက်ခြင်းက သုံးစွဲသူတွေကို Viber နဲ့ ဆက်သွယ်နိုင်တဲ့ နောက်ထပ် နည်းလမ်းတစ်ခုကို ဖန်တီး ပေးလိုက်တာလည်း ဖြစ်ပါတယ်” ဟု ၎င်းမှ ပြောသည်။

မိုဘိုင်းဖုန်းအတွက် ဂိမ်းများကို စတင်တီထွင်သည့် ဈေးကွက် ဦးဆောင်သူ တစ်ဦးအနေဖြင့် Viber သည် ကမ္ဘာ့ထိပ်တန်း ဂိမ်းရေးဆွဲသူများနှင့် ပူးပေါင်း၍ Viber ၏ စတစ်ကာ ဇာတ်ကောင် များကို အခြေခံကာ ဂိမ်းများကို အထူးသီးသန့် ဖန်တီးရေးဆွဲ ထားကြောင်းသိရသည်။ အဆိုပါ ဂိမ်းများကို ကစားရန်အတွက် Viber ID နှင့် Sing in ပြုလုပ်ရမည်ဖြစ်ပြီး Contact ထဲရှိ သုံးစွဲသူများနှင့် ဂိမ်းလက်ဆောင်များ ပေးပို့ခြင်း၊ ဂိမ်းကစားရန် ဖိတ်ခေါ်ခြင်းများအပြင် တခြားသူများ ကစားနေသည့် ဂိမ်းများကိုလည်း ရှာဖွေကြည့်ရှု နိုင်မည်ဖြစ်သည်။

Viber ဂိမ်းများကို Android OS နှင့် iOS စနစ်သုံး Device များတွင်သာ ကစားနိုင်မည်ဖြစ်ပြီး လက်ရှိတွင် Viber Candy Mania ဂိမ်းနှင့် Viber Pop ဂိမ်းနှစ်မျိုးကို ဘီလာရုစ်၊ မလေးရှား၊ အစ္စရေး၊ စင်ကာပူနှင့် ယူကရိန်း စသည့် နိုင်ငံပေါင်း ၅ နိုင်ငံတွင် စတင်ကစား နိုင်ပြီဖြစ်ပြီး မကြာမီ အချိန်တွင် တစ်ကမ္ဘာလုံး၌ ကစားနိုင်မည် ဖြစ်ကြောင်း သိရသည်။