Concept တစ်စီးကို အသက်သွင်းထားတဲ့ Cadillac ATS 2014

cadillac-ats-2014.jpg

အားလုံးသိကြတဲ့အတိုင်း Concept ကားတွေဆိုတာ လက်တွေ့ ကားပြပွဲတွေမှာ တဒင်္ဂလေးမိတ်ဆက်လိုက်၊ ပျောက်သွားလိုက်၊ နောက်ထပ်မော်ဒယ်သစ်တစ်မျိုး မိတ်ဆက်လာလိုက် ပျောက်သွားလိုက်နဲ့ ဈေးကွက်
ကို၊ လမ်းပေါ်ကို ရောက်ရှိလာတယ်ဆိုတဲ့ မော်ဒယ်ဆိုတာရှားပေမယ့် အခု ကျွန်တော်ပြောမယ့်မော်ဒယ်ကတော့ Concept အဖြစ်နဲ့မိတ်ဆက်ပြီးမှ ဈေးကွက်ဝင်လာတာဖြစ်သလို  သူ့ရဲ့ ရုပ်ထွက်နဲ့ စွမ်းဆောင် ရည်တွေကလည်း Concept တစ်စီးလို့ ဆိုနိုင်မှာဖြစ်လို့ ကျွန်တော်က ခေါင်းစဉ်မှာ Concept တစ်စီးကို အသက်သွင်းထားတယ်လို့ ဆိုလိုက်တာ ဖြစ်ပါတယ်။ နောက်ပြီး ထူးခြားချက်အနေနဲ့ ပြောရမယ့် အားသာချက်လို အချက်တွေက ATS မှာ တော်တော်များများ တွေ့ ရပါတယ်။ အထူးသဖြင့် အမေရိကန်ကားတွေရဲ့ အစဉ်အလာမဟုတ်တဲ့ အချက်တွေနဲ့ အရင်လက်ဟောင်း Cadillac ရဲ့ မော်ဒယ်တွေနဲ့ပါ သူမတူတဲ့ အချက်တွေ တွေ့ ရတာကြောင့် အခုတစ်ပတ်မှာ ကျွန်တော်က ATS နဲ့ မိတ်ဆက်ပေးဖို့ ရွေးချယ်ထားတာ ဖြစ်ပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ ဆက်ကြည့်ရအောင်ပါ။

Pros

မပြောမဖြစ်ပြောရမယ့် အချက်ကတော့ Handling အပိုင်းပါ။ Truck နဲ့ SUV မော်ဒယ်တွေမှာတောင်မှ လက်ကိုင်ပိုင်း နာမည်ကျော်နေတဲ့ Cadillac အတွက်တော့ အခုလို ဆီဒင်တစ်စီးအတွက် Handling ပိုင်း အားသာချက်ရှိမယ်၊ နောက်ပြီး ရာနှုန်းပြည့်ကောင်းမယ်ဆိုတာ ထွေထွေထူးထူးတော့ ပြောစရာမလိုပါဘူး။ နောက်တစ်ချက်ကတော့ အင်ဂျင်ပိုင်းရွေးချယ်နိုင်မှုဖြစ်ပြီးတော့ အင်ဂျင် အကြီးစား တပ် မော်ဒယ်အများစုကိုပဲ ထုတ်လုပ်နေကျ Cadillac က အခုတော့ ၂.၀ လီတာသုံး Turbo အင်ဂျင်တပ်မော်ဒယ်ကို ရနိုင်သလို V6 အင်ဂျင်နဲ့လည်း ဈေးကွက်တင်တာတွေ့ ရပါတယ်။ နောက်ဆုံးပြောရမယ့် တစ်ချက်ကတော့ အတွင်းပိုင်းအပြင်အဆင်ပဲဖြစ်ပြီးတော့ Ford နဲ့ Chevy တွေရဲ့  ဆီဒင်တွေထက်တောင်မှ ဆွဲဆောင်နိုင်စွမ်းရှိတယ်လို့ ကျွန်တော်က မြင်ပါတယ်။

Cons

Base မော်ဒယ်အတွက် တပ်ဆင်ထားတဲ့ အင်ဂျင်က တခြား Grade တွေနဲ့စာရင် အမြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်မှု အားနည်းတာ တွေ့ ရသလို တကယ်လို့ သင်ကဆီစားနှုန်းသက်သာမယ့် ၂.၀ လီတာသုံး အင်ဂျင် တပ်မော်ဒယ်ကိုပဲ ရွေးမယ်ဆိုရင်တော့ နားငြီးနည်းနည်းခံရပါမယ်။ အကြောင်းက ATS ရဲ့  ၂.၀ လီတာသုံး Turbo အင်ဂျင်က ပုံမှန်ထက် အသံထွက် ဆူညံချင်တာကြောင့် ဖြစ်ပါတယ်။ နောက်ပြီးတော့ မော်ဒယ်မှာ ထည့်သွင်းထားတဲ့ Electronic  Interface  စနစ်ဖြစ်တဲ့ CUE က ပုံမှန် Interface စနစ်တွေထက် တုံ့ပြန်မှု နည်းနည်းနှေးချင်တာ တွေ့ ရပါတယ်။ နောက်ဆုံးပြောရမယ့် အချက်ကတော့ နောက်ဘက် ထိုင်ခုံတန်းသေးငယ်တာနဲ့ အတွင်းခန်း ကျဉ်းမြောင်းတာတွေပဲ ဖြစ်ပါတယ်။

Powertrains

အခုနှစ်အတွက် ဈေးကွက်ဝင်လာတဲ့ ATS မှာ အင်ဂျင်စနစ် သုံးမျိုးရွေးချယ်နိုင်မှာဖြစ်ပြီး ၂.၀ လီတာသုံးရယ်၊ ၂.၅ လီတာသုံးနဲ့ V6 တွေ ရမှာဖြစ်ပါတယ်။ ၂.၀ လီတာသုံး လေးလုံးထိုး အင်ဂျင်က ရုန်းအား ၂၆၀ ပေ-ပေါင်မှာ စွမ်းအင် မြင်းကောင်ရေ ၂၇၂ ကောင်အားထိအောင်သုံးနိုင်မှာဖြစ်ပြီးတော့ ၂.၅ လီတာသုံး Turbo မပါတဲ့ လေးလုံးထိုးအင်ဂျင်မှာတော့ ရုန်းအား ၁၉၀ ပေ-ပေါင်မှာ စွမ်းအင်မြင်းကောင်ရေ ၂၀၂ ကောင်အားသုံးနိုင်မှာဖြစ်ကာ ၃.၆ လီတာသုံး V6 အင်ဂျင်တပ်မော်ဒယ်ဆိုရင်တော့ ရုန်းအား ၂၇၄ ပေ-ပေါင်မှာ မြင်းကောင်ရေ ၃၂၁ ကောင်အားထိအောင် အသုံးပြုမောင်းနှင်နိုင်မှာလည်း ဖြစ်ပါတယ်။ ကျွန်တော်အကြိုက်ကတော့ ၂.၅ လီတာသုံး မော်ဒယ်ဖြစ်ပြီးတော့ သူက တစ်မိနစ်ကို အမြန်ဆုံးအပတ်ရေ ၆၃၀၀ ထိအောင် လည်ပတ်မှာ ဖြစ်ပါတယ်။

Performance

ဒီအပိုင်းမှာတော့ ATS က Transmission အပိုင်းမှာ Auto စနစ်နဲ့ရော Manual စနစ်နဲ့ပါ စိတ်ကြိုက်ရွေးချယ်နိုင်အောင် ထုတ်လုပ်ထားတာ တွေ့ ရပြီးတော့ ဂီယာချက် အသုံးပြုနိုင်မှုကတော့ ၆ ချက်
ထိအောင်ပဲ ဖြစ်ပါတယ်။ Grade တိုင်းအတွက် နောက်ဘီးယက်စနစ်နဲ့လာပြီး ၂.၀ လီတာသုံး မော်ဒယ်နဲ့ V6 အင်ဂျင်တပ် မော်ဒယ်တွေမှာတော့ ဘီးစုံယက်စနစ်တွေနဲ့လည်း ရနိုင်ပါသေးတယ်။ အမြန်နှုန်းမြှင့်တင် မောင်းနှင်နိုင်မှု အပိုင်းမှာတော့ ၂.၀ လီတာသုံးနဲ့ ၂.၅ လီတာသုံးမော်ဒယ်နှစ်မျိုးက သိပ်မကွာလှဘဲ တစ်နာရီမိုင် ၆၀ နှုန်းကို အချိန် ၆.၃ စက္ကန့်ဝန်းကျင်ပဲယူမှာဖြစ်ပြီးတော့ V6 အင်ဂျင်တပ် မော်ဒယ်ကတော့ ၅.၇ စက္ကန့်လောက်ထိအောင်ပဲ ကြာမှာဖြစ်ပါတယ်။ ဒါပေမဲ့ Turbo စနစ်ပါတဲ့ ၂.၀ လီတာသုံး မော်ဒယ်ကတော့ ဆီစားနှုန်းလည်းအနည်းငယ် သက်သာနိုင်သလို အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုလည်း သာ လွန်ကောင်းမွန်ပါလိမ့်မယ်။

Fuel

အင်ဂျင်ရဲ့ လည်ပတ်နှုန်းအပိုင်းမှာ များထားသလို Drive စနစ်မှာလည်း နောက်ဘီးယက်စနစ်နဲ့ဖြစ်ဖြစ် ဘီးစုံယက်စနစ်နဲ့ဖြစ်ဖြစ် ဆီစားနှုန်းများစေနိုင်မယ့် အချက်တွေဖြစ်နေပါတယ်။ ဒါပေမဲ့ Manual စနစ်နဲ့ဆိုရင်တော့ ဆီစားနှုန်းအနည်းငယ်သက်သာစေနိုင်ပြီး ကျွန်တော်သဘောကျတဲ့ ၂.၅ လီတာသုံးမော်ဒယ်ဆိုရင်တော့ ဆီတစ်ဂါလံကို ပျမ်းမျှ ၂၆ မိုင်လောက်ထိအောင် စီးနိုင်မှာဖြစ်တာကြောင့် အမေရိကန်ထုတ် မော်ဒယ်တစ်စီးအတွက်တော့ ဆီစားနှုန်းက ကောင်းလွန်းနေပါသေးတယ်။ မော်ဒယ်မှာ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုကတော့ ၁၆ ဂါလံထိအောင်ဖြစ်တာကြောင့် နယ်ဝေး ခရီးသွားလာတတ်သူတွေအတွက်ပါ အဆင်ပြေစေနိုင်မှာ ဖြစ်ပါတယ်။

Body & Others

အရောင်အပိုင်းမှာ လူကြိုက်များတဲ့ အရောင်တွေဖြစ်တဲ့ နက်ပြာရောင်၊ အနက်ခြောက်ရောင်တွေ အပါအဝင် အရောင်စုစုပေါင်း ၁၀ မျိုးထိအောင် ထုတ်လုပ်ထားတာတွေ့ ရပြီး အတွင်းပိုင်းမှာတော့ အထည်ဦးစားပေး သားရေအရောပုံစံနဲ့ အမျိုးအစား ၃ မျိုးပဲ ရနိုင်မှာဖြစ်ပါတယ်။ အငယ်စားဆိုတာထက် Compact တန်းဝင် မော်ဒယ်လို့ဆိုရမှာဖြစ်ပြီးတော့ ကားရဲ့ အလျားက ၁၅ ပေနဲ့ ၃ လက်မနီးပါးရှိမှာဖြစ်ကာ မျက်နှာစာ အကျယ်ကတော့ ၅ပေနဲ့ ၁၁ လက်မကို တစ်စိတ်စွန်းပါတယ်။ ကားရဲ့  အမြင့်က ၄ ပေနဲ့ ၈ လက်မကို တစ်စိတ်လျော့မှာဖြစ်ပြီးတော့ အတွင်းခန်း အကျယ်အဝန်းအပိုင်းမှာ ရှေ့ ဘက်ခန်းက ၅၅ လက်မ ကျော်ကျော်နဲ့ နောက်ဘက်ခန်းကတော့ ၅၄ လက်မ မပြည့်ပါဘူး။ ကားတစ်စီးလုံးရဲ့ အလေးချိန်က ပေါင် ၃၃၁၉ ပေါင်ရှိမှာဖြစ်ပြီးတော့ ဝန်အများဆုံး တင်ဆောင်နိုင်မှုကတော့ ပေါင် ၉၀၀ ဝန်းကျင်ဖြစ်ပါတယ်။

Suspension အပိုင်းမှာ အမေရိကန်ထုတ် မော်ဒယ်အများစုမှာ သုံးနေကျဖြစ်တဲ့ MacPherson စနစ်ကို ရှေ့ဘက်မှာထိုင်ထားပြီး နောက်ဘက်မှာတော့ Multi-link နဲ့ လာပါတယ်။ Stabilizer တွေနဲ့ Independent စနစ်တွေလည်း အကူထည့်ထားတာကြောင့် Off-Road အတွက်ပါ အဆင်ပြေစေနိုင်မှာဖြစ်ပြီး အာမခံအပိုင်းမှာက Cadillac က ATS ကို ၄ နှစ်၊ မိုင် ၅၀၀၀၀ ထိအောင် ပေးထားတာ တွေ့ ရပါတယ်။ ဘရိတ် အပိုင်းမှာတော့ လေးဘီးချုပ် ABS စနစ်ကို တပ်ဆင်ထားပြီး တစ်နာရီ မိုင် ၆၀ နှုန်းမောင်းနှင်နေရင်းကနေ ရပ်တန့်မယ်ဆိုရင် အကွာအဝေး ၁၁၃ ပေထိအောင် ယူမှာဖြစ်လို့ ဘရိတ်ပိုင်းမှာက ပုံမှန် စွမ်းဆောင်ရည်ပဲရှိတာ တွေ့ ရပါတယ်။