Disney Infinity 2.0

game_review_15-49.jpg

Disney Infinity 2.0 ဟာ ၂၀၁၃ အတွင်းက ထွက်ရှိခဲ့တဲ့ Disney ဇာတ်ကောင်တွေ ပါဝင်ထားကာ အရုပ်ကလေးတွေရဲ့ Video Game Data အချက်အလက်တွေကို ဂိမ်းအတွင်းထည့်သွင်းကစားနိုင်တဲ့ Disney Infinity ရဲ့ အဆက်ဖြစ်ပြီး Disney နှင့် Pixar Animation ဇာတ်ကောင်တွေရော Marvel Super Heroes တွေပါ တွဲဖက်ပါဝင်ထားတဲ့ ဂိမ်းသစ်ဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းကတော့ console တွေအတွက် Disney Infinity: Marvel Super Heroes ဆိုပြီး အရင်ထုတ်ခဲ့ပြီး နောက်ပိုင်းထွက်လာတဲ့ PC နှင့် Next Gen Console Versions တွေမှာတော့ Marvel Comics ရဲ့ ဇာတ်ကောင်တွေကိုပါ ထပ်ပေါင်း ထည့်ပေးထားတာ တွေ့ ရပါတယ်။ The Walt Disney Company အနေနဲ့ Marvel Entertainment ကို ၂၀၀၉ ခုနှစ်ကတည်းက ဒေါ်လာသန်း ၄,၆၀၀ ကျော် အကုန်အကျခံပြီး ဝယ်ယူခဲ့သလို Marvel နဲ့ ပတ်သက်တဲ့ Live Action Movies, Series နှင့် အခြား project ပေါင်းများစွာကို ဦးစီးခဲ့ပေမယ့် Disney Infinity 2.0 ဂိမ်းသစ်ကတော့ ပထမဆုံးအကြိမ်အဖြစ် Disney နှင့် Marvel characters တွေ အများကြီး ပူးတွဲပါဝင်ထားတဲ့ ဂိမ်းသစ်ဖြစ်ပါတယ်။ Star Wars Franchise ကိုလည်း Disney က ပိုင်ထားပြီဆိုတော့ Star Wars Jedi ဇာတ်ကောင်တွေ အများကြီးကိုလည်း Disney Infinity ဂိမ်းသစ်တွေမှာ မြင်တွေ့ နိုင်မှာ သေချာပါတယ်။

Disney Infinity: 2.0 ဟာ Nintendo ရဲ့  Amiibo အရုပ်တွေနဲ့ Skylanders Spyro Adventure အရုပ်တွေလိုပဲ ဂိမ်းကစားဖို့အတွက် gameplay data တွေ သိမ်းဆည်းနိုင်တဲ့ Data အရုပ်ကလေးတွေနဲ့ Figure Portal တွေ ဝယ်ယူရမှာဖြစ်ပြီး Starter Pack ဝယ်ယူပြီးရင်တော့ အရုပ်တစ်ရုပ်ကို $15 ကနေ $20 ကြား ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ပထမ Disney Infinity တုန်းကတော့ Toy Story တို့၊ The Incredibles တို့လို ကာတွန်းဇာတ်ကောင်တွေကိုပဲ အသုံးပြုနိုင်ပေမယ့် Ver.2.0 မှာတော့ Marvel Comics ရဲ့ Hulk၊ Spider-Man, Star Lord နှင့် Iron Man လိုမျိုး Super heroes တွေ ပါဝင်လာလို့ လူကြီးပရိသတ်တွေကို ပိုဆွဲဆောင်နိုင်လာသလို ဂိမ်းမဆော့ဘဲနဲ့တောင် အရုပ်ကလေးတွေ လှလို့ဝယ်ဆော့တဲ့ ပရိသတ်တွေ ပါရှိလာတာ တွေ့ ပါတယ်။ Disney Infinity ဂိမ်းမှာ Play Set Mode နှင့် Toy Box Mode ဆိုပြီး ပုံစံနှစ်မျိုးခွဲခြားထားမှာဖြစ်ပြီး ဂိမ်းစတင်ဝယ်ဝယ်ခြင်းမှာ ဂိမ်းခွေနဲ့အတူ The Avengers, SpiderMan နှင့် Guardians of Galaxy ဇာတ်လမ်းထဲမှ ဇာတ်ကောင်တွေရဲ့  character data များကို ဂိမ်းအတွင်း ပို့ဆောင်ရန်အတွက် Infinity Base အမည်ရ base sensor ပါဝင်မှာ ဖြစ်ပါတယ်။ ဇာတ်ကောင်အရုပ်ကလေးတွေရဲ့ အောက်ခြေမှာ sensor မှ ဖတ်ယူနိုင်တဲ့ data အချက်အလက်တွေ ပါဝင်ပြီး သူတို့ရဲ့ level တွေ၊ character status တွေ ဂိမ်းအတွင်း ပို့ဆောင်နိုင်မှာဖြစ်လို့ အရုပ်ပုံစံချင်းတူရင်တောင် ကစားသူကွဲတဲ့အတွက် in-game status တွေကွဲပြားနေမယ့်အချက်က သာမန်အရုပ်တွေထက်ပိုပြီး ထူးခြားသွားစေပါတယ်။

Playset တွေအနေနဲ့ Marvel Heroes တွေပါတဲ့ Playset သုံးခုနဲ့ Brave၊ Big Hero 6၊ Frozen အစရှိတဲ့ ရုပ်ရှင်သစ်က ဇာတ်ကောင်အရုပ်တွေပါဝင်တဲ့ Disney Playset တွေ ပါဝင်ထားပါတယ်။ Iron Man, Thor, Hulk, Captain America, Nick Fury, Black Widow နှင့် Hawkeye တို့ အဓိကပါဝင်ထားတဲ့ The Avengers Playset မှာ ကစားသူဟာ ရန်သူ Loki နှင့် MODOK တို့ကို တိုက်ခိုက်ရပုံ story mode ထည့်သွင်းပေးထားပါတယ်။ Thor – The Dark World ရုပ်ရှင်နောက်ပိုင်းမှာ နေရာယူထားတဲ့ ဇာတ်လမ်းပုံစံဖြစ်ပြီး Malekith the Accursed ရဲ့  ရှေးဟောင်း Relic Casket of Ancient Winters ကို အသုံးချပြီး ကမ္ဘာမြေကို Niflheim ကမ္ဘာလိုမျိုး အလွန်ချမ်းအေးတဲ့ နေရာအဖြစ်ပြောင်းလဲမယ့် အစီအစဉ်ကို တားဆီးရပုံဇာတ်လမ်းမှ ကစားရမှာပါ။ Spider-man Playset ကတော့ Spider-man အနေနဲ့ Green Goblin နှင့် Doctor Octopus တို့ခေါင်းဆောင်ထားတဲ့ Symbiote Venom စစ်တပ်ကို ရင်ဆိုင်ရပုံဂိမ်းဖြစ်ပြီး၊ Guardians of Galaxy အဖွဲ့ဝင်အရုပ်တွေအားလုံးကို အသုံးချနိုင်မယ့် Star Lord, Gamora, Drax, Rocket နှင့် Groot တို့ပါဝင်ထားတဲ့ GotG Playset မှာတော့ Guardians တို့ရဲ့ စခန်းဖြစ်တဲ့ Knowhere ကို Kree ဂြိုဟ်သား Ronan the Accuser က ဝင်ရောက်တိုက်ခိုက်ပုံ ဇာတ်လမ်းဆင်ထားပါတယ်။

အရင်တုန်းက အရုပ်တစ်ရုပ်နဲ့တစ်ရုပ် အရမ်းကြီးမကွာဘဲ အခန်းသစ်တွေ ဆော့ဖို့လောက်သာ အဓိက အသုံးပြုခဲ့ကြပေမယ့် အခု Version သစ်မှာတော့ ဂိမ်းအတွင်းမှ အရုပ်တွေရဲ့  Level Cap ကို ၂၀ အထိမြှင့်ပေးထားပါတယ်။ Health နှင့် Offensive၊ Defensive စွမ်းရည်တွေကို စိတ်ကြိုက်ပြုပြင်ပြောင်းလဲနိုင်တဲ့ Skill Tree စနစ်လည်း ပါဝင်ထားသလို စွမ်းရည်သစ်တွေ ရွေးမယ်ဆိုရင် မိမိဇာတ်ကောင်အရုပ်ကို Format ချပြီးပြောင်းလဲနိုင်ပါတယ်။ မိုးပေါ်ပျံနိုင်တဲ့ အစွမ်းတွေရရှိထားပြီး အရင်ထက်လည်း မြေပုံတွေ ပိုကျယ်လာတာတွေ့ ရပါတယ်။ ဇာတ်ကောင်အရုပ်တွေအပြင် မိမိ character  တွေကို  health နှင့် damage အစရှိတဲ့ status effect တွေ တိုးပွားစေနိုင်မယ့် power disc လို့ခေါ်တဲ့ accessory item တွေကိုလည်း sensor ရဲ့ အလယ်မှာ ထည့်ပြီး ဂိမ်းထဲပို့ဆောင်နိုင်ဦးမှာဖြစ်ပါတယ်။ Power disc တွေဟာ Toy Box Mode မှာ Guardians of Galaxy, Wreck-it-Ralph, Frozen, The Avengers ရုပ်ရှင်တွေထဲက လိုမျိုး နောက်ခံ background တွေ ပြောင်းပေးနိုင်သလို Iron Man, Thor- The Dark World နှင့် Big Hero 6 တို့လို ရုပ်ရှင်တွေကို မှီငြမ်းထားတဲ့ ယာဉ်တွေကိုလည်း ခေါ်ဆောင်ပေးနိုင်မှာပါ။

အစပိုင်း အရင်းအနှီးများပေမယ့် မိမိသဘောကျတဲ့ Marvel Heroes ဇာတ်ကောင်အရုပ်လေးတွေ ဝယ်ကာ ဂိမ်းအတွင်းဇာတ်လမ်းသစ်တွေ ထည့်သွင်းထားနိုင်ပြီး အလှစုထားလို့လည်း ကောင်းမှာဖြစ်လို့ Disney Infinity 2.0 ဟာ နိုင်ငံတကာက လူကြီးလူငယ်ပရိသတ်တွေနဲ့ အရုပ်တွေ ဝယ်စုရတာကြိုက်တဲ့ Collector တွေ ပါသဘောကျမယ့် ဂိမ်းသစ်ဖြစ်တာ တွေ့ ရပါတယ်။

-နေအောင်လတ်
(mmgamers.com)