Myanmar Intellectual Property Office ကို ၂၀၁၅ ခုနှစ် အစောပိုင်း၌ ဖွင့်လှစ်မည်

Update News_5.jpg

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနသည် မူပိုင်ခွင့် ဥပဒေများ ထွက်ရှိလာရန် ကြိုးစားဆောင်ရွက်နေပြီး မူပိုင်ခွင့်ဥပဒေများ ထွက်ရှိလာသည်နှင့် တစ်ပြိုင်နက် Myanmar Intellectual Property Office ကို ဖွင့်လှစ်နိုင် ရန် ပြင်ဆင်ထားကြောင်း သိရသည်။

မူပိုင်ခွင့်ဥပဒေ ဟုဆိုရာတွင် တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့် မူပိုင်ခွင့်ဥပဒေ ဟူ၍ ဥပဒေလေးမျိုးရှိပြီး အဆိုပါ ဥပဒေလေးမျိုးကို လက်ရှိ အချိန်၌ ရှေ့နေ ချုပ်ရုံးသို့ တင်ပြထားကြောင်း သိရသည်။

အဆိုပါ ဥပဒေများ ပြဋ္ဌာန်းပြီးပါက တီထွင်ဖန်တီးမှုများအတွက် ပိုင်ဆိုင်မှုတစ်ခုအနေဖြင့် သေချာစေရန် Myanmar Intellectual Property Office သို့ လာရောက်၌ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်ခိုင်မိုးက ပြောသည်။

“အိုင်စီတီအတွက် ဆိုရင်တော့ အများသိတဲ့အတိုင်း ကွန်ပျူတာဆော့ဖ်ဝဲလ်တွေ ရေးပြီးသွားရင် အသစ်တီထွင်သူတွေအနေနဲ့ ဆုံးရှုံးမှုဆိုတာ မရှိတော့ဘူး။ လုပ်အား၊ ဥာဏအားတွေရဲ့ အကျိုးကိုခံစား လာရမှာပေါ့” ဟု ဦးဝင်းခိုင်မိုးက ဆိုသည်။ ရှေ့နေချုပ်ရုံးသို့ ရောက်ရှိနေပြီဖြစ်သည့် မူပိုင်ခွင့်ဥပဒေသည် ၂၀၁၅ ခုနှစ် မတ်လ နောက်ဆုံးထား၍ ထွက်ရှိလာနိုင်သည်ဟုလည်း ဦးဝင်းခိုင်မိုးက ခန့်မှန်းထားသည်။

“မူပိုင်ခွင့်ဥပဒေ ထွက်ရှိလာရင် အကျိုးရှိမှာတွေက နည်းပညာနယ်ပယ်က Innovative သမားတွေပဲ။ တီထွင်မှုကို ကာကွယ်ခွင့် ရှိလာကြမှာပဲ။ အကျိုးမရှိတာကတော့ အမေရိကန်လို နိုင်ငံမျိုးမှာ Apple နဲ့ Samsung လိုမျိုး တရားစွဲနေတာမျိုးတွေပေါ့။ ဘာမှလည်း အကျိုးမရှိဘဲ ရှေ့နေတွေ ပိုက်ဆံရနေတာမျိုးတွေ ဖြစ်လာနိုင်တာပေါ့။ ကော်ပိုရေးရှင်းတွေ အလကားနေရင်း ပိုက်ဆံဖြုန်းနေတာတွေ ဖြစ်လာနိုင်ပါတယ်”ဟု Technomation မှ စီအီးအိုဖြစ်သူ ကိုထူးမြင့်နောင်က ပြောသည်။

မူပိုင်ခွင့်ဥပဒေကို လက်ရှိအချိန်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက Focal Ministry အနေဖြင့် လုပ် ကိုင်ဆောင်ရွက်နေခြင်း ဖြစ်သော်လည်း မူပိုင်ခွင့်ဆိုသည်မှာ နယ်ပယ်ကျယ်ပြန့်လှသည့်အတွက် အခြားသော ဝန်ကြီးဌာနများနှင့်ပါ တိုင်ပင်ဆွေးနွေး လုပ်ကိုင်နေရသည်ဟု ဦးဝင်းခိုင်မိုးက ပြောသည်။