7-Eleven ပုံစံ နည်းပညာမြင့် Amazon Go စတိုး စတင်ဖွင့်လှစ်

Amazon ဟာ ကုမ္ပဏီရဲ့ ပထမဆုံး ကုန်မျိုးစုံစတိုးဖြစ်တဲ့ Amazon Go ကို Seattle မြို့ Seventh Avenue မှာရှိတဲ့ ကုမ္ပဏီဌာနချုပ်သစ်ရဲ့ မြေညီထပ်မှာ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ နည်းပညာမြင့် Amazon Go စတိုးကို ဖန်တီးတာ ငါးနှစ်ကြာမြင့်ခဲ့ပြီး မူလစီစဉ်ထားတာထက် တစ်နှစ်နောက်ကျပြီးမှ ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Amazon Go စတိုးမှာအသုံးပြုထားတဲ့ နည်းပညာတွေက သမားရိုးကျ ကုန်စုံစတိုးတွေမှာ မြင်တွေ့ရတဲ့ checkout လိုင်းတွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်။

Amazon Go စတိုးမှာ လူတွေနဲ့ ငွေရှင်းတဲ့ checkout လိုင်းတွေ မပါဝင်ပါဘူး။

Amazon Go စတိုးဆိုင်ရဲ့အပြင်ပိုင်းက 7-Eleven နဲ့ဆင်တူပါတယ်။ ဒါပေမဲ့ စတိုးအတွင်းမှာ တန်ဖိုးကြီး နည်းပညာတွေကို အသုံးပြုထားပြီး Amazon ရဲ့ကိုယ်ပိုင်နည်းပညာကို အသုံးချထားပါတယ်။

Amazon Go ဆိုင်ထဲမဝင်ခင်မှာ ဈေးဝယ်သူတွေက Amazon Go စမတ်ဖုန်း app ကို scan လုပ်ရမှာ ဖြစ်ပါတယ်။ ကုန်ပစ္စည်းထားရှိတဲ့ စင်ပေါ်မှာ sensor တွေရှိပြီး ဈေးဝယ်သူက ပစ္စည်းကို ကောက်ယူလိုက်တာနဲ့ ဘေလ်ထည့်ပေါင်းပေးမှာ ဖြစ်ပါတယ်။ ပစ္စည်းကို ပြန်ချလိုက်ရင်တော့ ဘေလ်ပြန်ဖျက်ပေးမှာ ဖြစ်ပါတယ်။ ဈေးဝယ်သူက ကုန်ပစ္စည်းကိုယူပြီး ဆိုင်က ထွက်ခွာသွားတာနဲ့ အကြွေးဝယ်ကတ်တွေကနေ ကုန်ပစ္စည်းဝယ်ယူမှု ကျသင့်ငွေကို နုတ်ပေးသွားမှာ ဖြစ်ပါတယ်။

Amazon Go စတိုးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက Amazon ဝန်ထမ်းတွေအတွက် ဖွင့်ခဲ့ဖူးပါတယ်။ အဲ့ဒီနောက် အများပြည်သူတွေက အဲဒီလိုမျိုး စတိုးတွေ လျင်လျင်မြန်မြန် လက်ခံကြဖို့ ရည်မှန်းခဲ့ကြပါတယ်။

ဒါပေမဲ့ ခန္ဓာကိုယ်ပုံစံဆင်တူတဲ့ ဈေးဝယ်သူတွေကို မှန်မှန်ကန်ကန် ခွဲခြားနိုင်ဖို့နဲ့ စင်ပေါ်က ပစ္စည်းတွေကို ကလေးငယ်တွေ မှားထားတာလိုမျိုး ပြဿနာတချို့ရှိခဲ့တယ်လို့ Amazon ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ပါတယ်။

အဲ့ဒီစတိုးဟာ စမ်းသပ်စဉ်ကာလမှာ ကောင်းကောင်း လည်ပတ်လုပ်ဆောင်နိုင်ခဲ့တယ်လို့ Amazon Go အကြီးအကဲ ဂျီယာနာပွေရီနီက ပြောပါတယ်။ အခုနည်းပညာဟာ အရင်တုန်းက မပေါ်ခဲ့သလို computer vision နဲ့ machine learning တွေကို စမ်းသပ်ဆဲအဆင့်ကနေ ဖွံ့ဖြိုးလာခဲ့တာ ဖြစ်တယ်လို့ Amazon Go အကြီးအကဲက ပြောကြားခဲ့ပါတယ်။

Go လိုမျိုး စတိုးတွေ များစွာ ဖွင့်၊ မဖွင့်ကို Amazon က မပြောခဲ့ပါဘူး။Amazon ဟာ ပြီးခဲ့တဲ့နှစ်က Whole Foods စားသောက်ကုန် ကုမ္ပဏီကို ဒေါ်လာ ၁၃.၇ ဘီလျံနဲ့ ဝယ်ယူခဲ့ပါတယ်။

ဒီနည်းပညာကို Whole Foods စတိုးရာပေါင်းများစွာမှာ မိတ်ဆက်ဖို့ အစီအစဉ် မရှိသေးဘူးလို့လည်း Amazon က ပြောကြားခဲ့ပါတယ်။

စိုးထက်
Ref: Recode/BBC