Instagram ကို လစဉ်သုံးစွဲသူ သန်း ၃၀၀ ကျော်ရှိလာ

instagram_640.jpg

ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က ဓာတ်ပုံဝေမျှသည့် ဝန်ဆောင်မှု Instagram ကိုသုံးစွဲသူ သန်း ၃၀၀ ရှိလာပြီဖြစ်ကြောင်း ကုမ္ပဏီက blog post တွင်ထုတ်ပြန် သွားခဲ့သည်။ အဆိုပါ အရေအတွက်သည် မတ်လကုန်တွင် သုံးစွဲသူ သန်း၂၀၀ ရှိရာမှ မြင့်တက်လာခြင်း ဖြစ်သောကြောင့် ၉ လအတွင်း သုံးစွဲသူ ၅၀ ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်သည်။

ထို့အပြင် Instagram သုံးစွဲမှု အလွန်အမင်း မြင့်တက်လာသောကြောင့် သုံးစွဲသူ သန်း၂၈၄ ရှိသည့် Twitter နှင့် သုံးစွဲသူ သန်း ၃၃၁ ရှိသည့် LinkedIn တို့ထက် လစဉ်သုံးစွဲသူ ပိုမိုများပြားလာသည်။ သို့ရာတွင် Instagram က ၎င်း၏ ဝန်ဆောင်မှုကို လစဉ်သုံးစွဲသူ မည်မျှရှိကြောင်းကိုမူ အသေးစိတ် ထုတ်ပြန်ခြင်း မရှိကြောင်းသိရသည်။ Instagram ၏ကိန်းဂဏန်းသည် တစ်လလျှင် သုံးစွဲသူများ log in ပြုလုပ်သည့် အရေအတွက်အပေါ် အခြေခံ၍ တွက်ချက်ထားခြင်း ဖြစ်သည်။ ဆက်လက်ပြီး Instagram က၎င်း၏ ဝန်ဆောင်မှုတွင် သုံးစွဲသူများသည် တစ်ရက်လျှင် ဓာတ်ပုံပေါင်း သန်း ၇၀ ခန့် တင်လေ့ရှိကြောင်း ပြောကြားသွားခဲ့သည်။

လက်ရှိတွင် Facebook သည်သုံးစွဲသူ ၁.၃၅ ဘီလီယံရှိပြီး သုံးစွဲမှု အများဆုံး ဖြစ်နေသော်လည်း ကုမ္ပဏီက ၎င်းပိုင်ဆိုင်သည့် Instagram, WhatsApp နှင့် Facebook Messenger များကို သီးသန့် ဝန်ဆောင်မှုများ အဖြစ် လုပ်ကိုင်နေလျက် ရှိသည်။

Ref: Recode