Samsung Tech Institute Mobile Apps Training 2014 ပြိုင်ပွဲတွင် ကွန်ပျူတာတက္ကသိုလ် (လားရှိုး)မှ ပထမဆု ရရှိ

DSC_6734.jpg

Samsung Tech Institute Mobile Apps Training 2014 Grand Final ပြိုင်ပွဲတွင် ကွန်ပျူတာ တက္ကသိုလ် (လားရှိုး)မှ ပထမဆု ရရှိခဲ့ကြောင်းသိရသည်။

ပြိုင်ပွဲတွင် MMSouvenir Shop Application ဖြင့် ကွန်ပျူတာတက္ကသိုလ် (လားရှိုး) မှ Grand Winner ဆုကိုလည်းကောင်း၊ Swiftly Bank Application ဖြင့် ကွန်ပျူတာတက္ကသိုလ် (မန္တလေး) မှ First Runner ဆုကိုလည်းကောင်း၊ Tourism Guide Application ဖြင့် ကွန်ပျူတာတက္ကသိုလ် (မြိတ်) မှ Second Runner ဆုကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုကို အမေရိကန်ဒေါ်လာ ၃,၀၀၀၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၂,၀၀၀ နှင့် တတိယဆု အမေရိကန်ဒေါ်လာ ၁,၀၀၀ အသီးသီး ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများမှ သတင်းအချက်အလက်များကို ရှာဖွေ ဖတ်ရှုနိုင်မည့် RSS Reader Application၊ ကျန်းမာရေးအထောက်အကူပြု Health Care Application ၊ ဟိုတယ်အချက်အလက်များကို ရှာဖွေနိုင်မည့် Bravo Application၊ ဘာသာရေးဆိုင်ရာ နေရာဒေသများကို သိရှိနိုင်မည့် Myth Application၊ ပြည်ပခရီးသွားများ အတွက် လေ့လာစရာနေရာများကို သိရှိနိုင်မည့် Tourism Guide Application၊ ကိုယ်ပိုင် ငွေရေးကြေးရေး အသုံးစရိတ်များကို မှတ်သားထိန်းချုပ်နိုင်မည့် Daily Go Application၊ နိုင်ငံခြားငွေ လဲလှယ်နိုင်မည့် နေရာများကို ညွှန်ပြပေးသည့် Swiftly Bank Application၊ ဖက်ရှင်နှင့် အလှအပရေးရာများကို ဖော်ပြရောင်းချနိုင်သည့် Beauty World Application၊ ခရီးသွားလက်မှတ်များကို ရှာဖွေလေ့လာနိုင်သည့် E-ziGo Application၊ ဒေသထွက် လက်မှုပစ္စည်းများနှင့် လက်ဆောင်ပစ္စည်း များကို လေ့လာရှာဖွေနိုင်မည့် MMSouvenir Shop Application များဖြင့် ရေးဆွဲယှဉ်ပြိုင်ခဲ့ကြသည်။

ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများမှာ မန္တလေးကွန်ပျူတာတက္ကသိုလ်မှ ၆ ဦး၊တောင်ကြီး ကွန်ပျူတာတက္ကသိုလ်မှ ၂ ဦး၊ လားရှိုး ကွန်ပျူတာတက္ကသိုလ်မှ ၂ ဦး၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်မှ ၆ ဦး၊ သထုံ ကွန်ပျူတာတက္ကသိုလ်မှ ၂ ဦးနှင့် မြိတ်ကွန်ပျူတာတက္ကသိုလ်မှ ၂ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး ဖြစ်သည်။