Sony PlayStation Network တိုက်ခိုက်ခံရ

playstation-network-hacked-message.jpg

ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်သည် Sony ၏ PlayStation စတိုး တိုက်ခိုက်ခံခဲ့ရကာ  ၎င်းဆိုက်သို့ လာရောက်သူများ အနေဖြင့် error message တစ်ခုကို တွေ့မြင်ခဲ့ရသည့်အပြင် gamer များ အနေဖြင့်လည်း  အွန်လိုင်း ဂိမ်းများကစားရာတွင် အခက်အခဲ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း Sony မှထုတ်ပြန်ခဲ့သည်။ Lizard Squad ဟုအမည်ရသည့် ဟက်ကာအဖွဲ့သည် Twitter ပေါ်တွင် “PSN #offline #LizardSquad” tweet ကိုရေးသားကာ Sony ၏ PlayStation ကွန်ရက်ကို တိုက်ခိုက်ခဲ့မှုတွင် ၎င်းတို့တာဝန်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ Sony သည် PlayStation ဂိမ်းစက် ထုတ်လုပ်သည့် ၂၀ ပြည့် အထိမ်းအမှတ် ကျင်းပပြီးနောက်တွင် ဟက်ကာများ၏ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသည်။ Sony သည် ဂိမ်းစက်နှင့် ဂိမ်းခွေများ ရောင်းချခြင်းသာမက ရုပ်ရှင်စတူဒီယို တစ်ခုလည်း ပိုင်ဆိုင်ထားသည်။ ပြီးခဲ့သည့်လက Sony ပိုင်ဆိုင်သည့် ရုပ်ရှင်လုပ်ငန်းမှ 100 terabytes အရွယ်အစားရှိသော ဖိုင်နှင့်ရုပ်ရှင်များကို ခိုးယူခဲ့ကြောင်း ဟက်ကာများက ပြောကြားခဲ့သည်။

ထိုသို့ ဟက်ကာများ ခိုးယူခဲ့သည့် အချက်အလက်များတွင် သုံးစွဲသူ password များ၊ Sony ဝန်ထမ်းများ၏ လုံခြုံရေး နံပါတ်များနှင့် အောင်မြင်ကျော်ကြား သူများဖြင့် ချုပ်ဆိုထားသော စာချုပ်များလည်း ပါဝင်သည်။  ထို့အပြင်  Sony မှမကြာမီ ဖြန့်ချိသွားမည့် Annie, Mr.Turner နှင့် To Write Love On Her Arms ရုပ်ရှင်များသည်လည်း ပေါက်ကြားခဲ့ကြောင်း သိရသည်။

Ref : CNET