OPPO R5 ပြည်တွင်းသို့ အရောင်သုံးမျိုးဖြင့် ဝင်ရောက်မည်

OPPO-R5-1.jpg

OPPO အမှတ်တံဆိပ် R5 မော်ဒယ်စမတ်ဖုန်း ရွှေ၊ ငွေ၊ မီးခိုး အရောင်သုံးမျိုးဖြင့် ဈေးကွက်ဝင် ရောက်မည်ဖြစ်ပြီး အဆိုပါစမတ် ဖုန်းကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ဆန်းတွင် ပြည်တွင်း၌ စတင်ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

“လက်ရှိကတော့ ကြိုတင်မှာယူစနစ် (pre order)အနေနဲ့ ရောင်းချပေးနေတာပါ။ ဈေးကွက်ကိုတော့ နောက်နှစ် ဇန်နဝါရီလ လဆန်းလောက်မှ ရောက်မှာပါ။ R5 က ဒီကို ရွှေ၊ ငွေ၊ မီးခိုး အရောင်သုံး မျိုးဝင်မှာပါ။ ပြည်တွင်းမှာ စတင်ရောင်းချရင် pre-order နဲ့မှာတဲ့ သူတွေကို ဦးစားပေးအရင်ရောင်း ချပေးသွားမှာပါ။ ကျန်တာကိုမှ  တခြားလိုချင်တဲ့ သူတွေကို ရောင်းချပေးမှာ ဖြစ်ပါတယ်” ဟု OPPO Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် OPPO R5 စမတ်ဖုန်း ငွေရောင်ဦးစွာ ဝင်ရောက်မည်ဖြစ်ပြီး ရွှေ နှင့် မီးခိုးရောင် အမျိုးအစားသည် ဒုတိယသုတ်၊ တတိယသုတ် အနေဖြင့် ဝင်ရောက်မည် ဖြစ်သည်။  ကြိုတင်မှာယူခြင်း (Pre order) စနစ်ဖြင့် မှာယူသူများ အနေဖြင့် အရောင်သုံးမျိုး အနက်မှ မိမိနှစ်သက်ရာ အရောင်များအား ရွေးချယ်မှာယူ နိုင်မည်ဖြစ်သော်လည်း မှာယူသော အရောင်များ အားလုံးအား တစ်ပြိုင်တည်းရရှိ နိုင်မည်မဟုတ်ဘဲ ငွေရောင်မှာယူ သူများသာ ပထမသုတ် အနေဖြင့် ဦးစွာရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ ကြိုတင်စာရင်းပေး မှာယူခြင်းစနစ် (Pre-Order) ဖြင့်မှာယူသည့် သုံးစွဲသူများ အနေဖြင့် OPPO R5 စမတ်ဖုန်းနှင့်အတူ သာမန်ထက် လေးဆပိုမို မြန်ဆန်သော ဘက်ထရီ အားသွင်းနည်းပညာ တစ်ခုဖြစ်သည့် VOOC နည်းပညာ ပါဝင်သော Power Bank  ကို မေတ္တာလက်ဆောင် အနေဖြင့် ရရှိနိုင်မည်ဖြစ်ပြီး ပြည်တွင်းသို့ ရောက်ရှိပြီးမှ ဝယ်ယူသူများ အနေဖြင့် OPPO မှပေးသော အဆိုပါ လက်ဆောင်အား ရရှိနိုင်မည် မဟုတ်ကြောင်း၎င်းမှ ဆက်လက် ရှင်းပြသည်။

R5 သည် အထူ ၄.၈၅ မီလီမီတာ (၀.၄၈ စင်တီမီတာ) အထူရှိသော ကမ္ဘာ့အပါးလွှာဆုံး ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ကိုယ်ထည်ကို သတ္တုဖြင့် ပြုလုပ်ထားသော်လည်း ဖုန်းကိုယ်ထည် အပူချိန် မြင့်တက်မှု မရှိစေရန်အတွက် အပူချိန်ကို လျော့ချပေးသော နည်းပညာများ ထောက်ပံ့ပါဝင်ကြောင်း သိရသည်။ မြင်ကွင်းအရွယ်အစား ၅.၂ လက်မရှိပြီး 13 Mega Pixel နောက်ကင်မရာ၊ 5 Mega Pixel ရှေ့ကင်မရာစနစ်၊ မှတ်ဥာဏ်အတွက် Internal Memory 2GB RAM  နှင့် သိုလှောင်မှုအတွက် 16 GB ပမာဏပါဝင်မည် ဖြစ်သည်။